လာမယ့် နွေရာသီကျရင် ပီအက်စ်ဂျီအသင်းမှာ ကမ္ဘာ့ချန်ပီယံ GOAT လီယွန်နယ် မက်ဆီ ဆက်ရှိမရှိ မသေချာသေးချိန်မှာ ဘူးလေးရာ ဖရုံဆင့်တဲ့အနေနဲ့ နောက်ထပ် နာမည်အကြီးဆုံးတစ်ဦးဖြစ်တဲ့ နေမာ ဂျူနီယာပါ အသင်းကနေ ထွက်ခွာသွားတော့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင် ကြယ်ပွင့်အနေနဲ့ သူ့ရဲ့ ပီအက်စ်ဂျီအတွက် နောက်ဆုံးပွဲကို ကစားခဲ့ပြီးပြီလို့လည်း နီးစပ်ရာ အသိုင်းအဝိုင်းတွေက ခန့်မှန်းနေကြပြီး လာမယ့် နွေရာသီမှာ ကာတာပိုင် အသင်းဘက်က ရောင်းထုတ်ပစ်တော့မယ်ဆိုတဲ့ အသံတွေလည်း ထွက်ရှိလာခဲ့သလို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင်အနေနဲ့ မင်းသားကွင်းမှာ အနာဂတ် မရှိတော့ဘူးလို့လည်း ဆိုနေကြတာပါ။
ပြီးခဲ့တဲ့ လီလ်အသင်းကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲဖို့ ထမ်းစင်နဲ့ ထုတ်ခဲ့ရတဲ့ နေမာဟာ အဲ့ဒီ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်းက ပီအက်စ်ဂျီတို့နဲ့ မပူးပေါင်းနိုင်တော့တာဖြစ်ပြီး ဒဏ်ရာအခြေအနေကလည်း ဆိုးရွားခဲ့တဲ့အတွက် ခွဲစိတ်ကုသမှု ခံယူရတော့မှာဖြစ်သလို သုံးလကနေ လေးလအထိ အနားယူရနိုင်တယ်လို့ ဆိုပါတယ်။
ခြေကျင်းဝတ်အရွတ်မှာ ထိခိုက်သွားခဲ့တဲ့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ လိုအပ်နေခဲ့တာဖြစ်ပြီး ဒဏ်ရာကို ကုသဖို့အတွက် တခြားနည်းလမ်းလည်း မရှိတော့တဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်းမှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့က အက်စပီတာဆေးရုံမှာ ခွဲစိတ်ကုသဖို့ စီစဉ်ထားပြီး ဘရာဇီးလ်သားအနေနဲ့ ဒီရာသီမှာတော့ ပီအက်စ်ဂျီတို့အတွက် ပြန်ကစားပေးနိုင်ဖို့ မဖြစ်နိုင်တော့တာပါ။
နေမာအနေနဲ့ ဖေဖော်ဝါရီလထဲမှာဆိုရင် ဘရာဇီးလ်က သူ့ညီမမွေးနေ့ကို ပြန်ဖို့ ဒဏ်ရာနဲ့ ပွဲပယ်ပြစ်ဒဏ်တွေကို ဖန်တီးတတ်တယ်လို့ သတင်းကြီးနေခဲ့ပြီး နှစ်စဉ်နှစ်တိုင်း တစ်ခါမှ မလွဲဘဲ ဖြစ်ပျက်နေခဲ့သလို ဇန်နဝါရီ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ တင်ပါးဆုံရိုးဒဏ်ရာနဲ့ အနားယူခဲ့အပြီး ဒီတစ်ခါမှာတော့ အမှန်တကယ် ဒဏ်ရာက ကြမ်းသွားခဲ့တာလည်းဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဆီကို ၂၀၁၇ ခုနှစ် နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း (ပေါင် ၁၉၈ သန်း)နဲ့ ရောက်ရှိလာခဲ့တဲ့ နေမာဟာ အသင်းအတွက် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၁၇၃ ပွဲမှာ ၁၁၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ဖန်တီးမှု အမြောက်အမြားလည်း ပြုလုပ်ထားခဲ့တာပါ။
ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားခဲ့တဲ့ နေမာဟာ ၁၈ ဂိုး သွင်းပြီး ၁၇ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာကြောင့် ခြေစွမ်းအရတော့ ကျဆင်းခြင်း မရှိသေးပေမယ့် ပါရီသားတွေအတွက် ဥရောပအဆင့်မှာ အကျိုးပြုနိုင်မှု နည်းပါးတယ်လို့ ဝေဖန်ခံနေခဲ့ရပြီး နှစ်တိုင်းမှာလည်း သူများတွေလို ပွဲပေါင်း ၅၀ ကျော် ၆၀ ကစားပေးရမယ့်အစား ၂၀၂၀-၂၁ ရာသီက ၃၁ ပွဲ ကစားနိုင်တာက အမြင့်ဆုံးပဲဖြစ်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဘက်ကတော့ နေမာရဲ့ ဒဏ်ရာအကြောင်းကို ကလပ်အသင်း ဝက်ဘ်ဆိုက်ကနေ တရားဝင် ထုတ်ပြန်သွားခဲ့ပြီး “နေမာရဲ့ ညာဘက်ခြေကျင်းဝတ်မှာ မကြာခဏ ဒဏ်ရာတွေ ကြုံတွေ့နေခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ ဆက်တိုက် ထိခိုက်မိခဲ့တာတွေ ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိခိုက်မှုမှာတော့ အရွတ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တာကြောင့် အနာဂတ်မှာ ပိုမဆိုးရွားစေဖို့ အသင်းဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ခွဲစိတ်ကုသမှုကို အကြံပေးခဲ့သလို ကျွမ်းကျင်သူတွေကလည်း ထောက်ခံခဲ့လို့ လာမယ့်ရက်ပိုင်းအတွင်းမှာ လုပ်ဆောင်သွားမှာပါ”လို့ ပါရှိခဲ့ပါတယ်။
ပြန်ကစားနိုင်ဖို့ သုံးလကနေ လေးလအထိ ကြာနိုင်တယ်လို့လည်း အသင်းဘက်က ထုတ်ပြန်သွားခဲ့အပြီးမှာတော့ ဒဏ်ရာက ပြန်လာတာနဲ့ နေမာကို ရောင်းချသွားမယ်လို့ ခန့်မှန်းနေကြပြီး Transfermarkt ရဲ့ ခန့်မှန်းတန်ကြေး ယူရို ၇၅ သန်းရှိနေတဲ့ အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်သားအတွက် ဒီဈေးဝန်းကျင်မှာ ကမ်းလှမ်းမှုတွေ ရှိနိုင်ကြောင်းလည်း သုံးသပ်ထားကြပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment