နည်းပြ ဂရေဟမ် ပေါ့တာလက်ထက်မှာ အရေးပါမှု မရှိတော့သလို ကစားခွင့်လည်း လုံးဝနီးပါး မရှိတော့တဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် မပီသတဲ့ လုပ်ရပ်ကြောင့် ချဲလ်ဆီးအသင်းကနေ ကန်ထုတ်ခံရတော့မယ်လို့ သိရပြီး အတွင်းသတင်းအရ ငွေကြေးဂရုစိုက်စရာ မလိုတဲ့ ပိုင်ရှင်တွေအနေနဲ့ ရလဒ်တွေ ဆိုးနေတဲ့ နည်းပြထက်အရင် သူ့ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းထွက်နေခဲ့ပါတယ်။
ဒီတစ်ခါပါဆိုရင်တော့ ဂါဘွန်တိုက်စစ်မှူးအနေနဲ့ အသင်းတွေကနေ စာချုပ်ဖျက်သိမ်းခံရတာ ဒုတိယအကြိမ် ဖြစ်လာနိုင်ပြီး သူ့ကို တိုက်ဆိုင်စွာပဲ လန်ဒန်အသင်းတွေရဲ့ ညီညွတ်စွာ ကန်ထုတ်မှုဖြစ်လာနိုင်သလို အသက် ၃၃ နှစ်အရွယ် အာဆင်နယ်တိုက်စစ်မှူးဟောင်းအနေနဲ့ သူ့ရဲ့ စည်းမဲ့ကမ်းမဲ့နဲ့ လေးစားမှု ကင်းမဲ့ပုံကြောင့် ကစားသမားဘဝကို ရုပ်ပျက်ဆင်းပျက် အဆုံးသတ်သွားရနိုင်တာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ဆောင်းရာသီတုန်းက အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ အာဆင်နယ်အသင်းကနေ ခပ်တည်တည်ပဲ ဘာစီလိုနာကို ခရီးထွက်သွားပြီးတဲ့နောက် ဂန်းနားတာဝန်ရှိသူတွေအနေနဲ့ မကောင်းတတ်လို့ သူ့ကို စာချုပ်ဖျက်ပေးခဲ့ရသလို နူးကမ့်မှာတော့ တစ်ပတ်ကို ယူရို ၅၀၀၀ သာ ယူမယ်ဆိုပြီး အောက်လျှိုးဝင်သွားခဲ့တဲ့အတွက် နည်းပြ ဇာဗီရဲ့ ခိုင်းကောင်းတဲ့သူလို့ သတ်မှတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
ဘာစီလိုနာအသင်းမှာ လာလီဂါ ၁၈ ပွဲကစား ၁၁ ဂိုး သွင်းယူပြီး ပြိုင်ပွဲစုံ ၂၃ ပွဲမှာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ နွေရာသီမှာတော့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူခဲ့ရာမှာ ဘေးရောက်သွားရတဲ့ အခန်းကဏ္ဍကြောင့် နူးကမ့်ကနေ ပြန်ထွက်ခဲ့ရပေမယ့် သူ့စိတ်ထဲမှာတော့ ဒီအသင်းနဲ့ သံယောဇဉ် မပြတ်တဲ့ ပုံစံကို ပြသခဲ့တာပါ။
ပြီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို ဘာစီလိုနာတို့က နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ နူးကမ့်ရဲ့ အဝတ်လဲခန်းထဲကို ဝင်ရောက်အောင်ပွဲခံခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေနဲ့ အင်္ဂလန်က ဘောလုံးသုံးသပ်သူတွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရသလို ပရော်ဖက်ရှင်နယ်ပီသမှုအတွက် မေးခွန်းထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးတို့အနေနဲ့တော့ သူ့ကို ၂၀၂၄ နွေရာသီရှိတဲ့ စာချုပ်ကနေ ဖျက်သိမ်းပြီး စတမ်းဖို့ဘရစ်ချ်ကနေ ကန်ထုတ်သွားဖို့ ရှိနေသလို လန်ဒန် အသင်းတွေအတွက်တော့ ငွေကြေးတစ်ပြားမှ ရှာမပေးနိုင်တဲ့ အကျိုးအမြတ် မရှိသူအဖြစ် စိတ်ပျက်စရာဖြစ်ခဲ့ရပြီး ဘာစီလိုနာတို့ကတော့ ခြောက်လခေါ်ပြီး ပေါင် ၁၀ သန်း အကျိုးရှိခဲ့တာပါ။
နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ချဲလ်ဆီးကို ရောက်လာခဲ့ပြီး ပေါ့တာလက်ထက်မှာတော့ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးအပါအဝင် ၃ ဂိုးသာ သွင်းယူနိုင်ခဲ့သလို စပါးစ်ကို ရှုံးနိမ့်ခဲ့တဲ့ လန်ဒန်ဒါဘီမှာ နောက်ဆုံးအနေနဲ့ လူစားဝင် ကစားခဲ့ပြီးတဲ့နောက် အူဘာမီယန်းအနေနဲ့ အင်္ဂလန်မြေကို နောက်တစ်ကြိမ် နှုတ်ဆက်ရဖို့ နီးစပ်နေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment