ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့မှာ အယ်လ် နာဆာရှပ်နဲ့ အကြီးမားဆုံးပွဲစဉ်အဖြစ် ကစားရမယ့်ပွဲစဉ်မှာ ရင်းနှီးပြီးသား မျက်နှာတစ်ခုကို ပြန်လည်မြင်တွေ့ရမယ်လို့ သိရပါတယ်။
အယ်လ်နာဆာဟာ ကြာသပတေးနေ့မှာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားထိပ်ဆုံးတိုက်ပွဲအဖြစ် အယ်လ် အစ်တီဟတ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့အသင်းက ၁၉ ပွဲကစားပြီးနောက် ၂ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြိးနောက် အယ်လ်နာဆာအသင်းအတွက် ပထမဆုံး ၆ ပွဲမှာ ၈ ဂိုးအထိ သွင်းယူပေးထားပြီး အရှေ့အလယ်ပိုင်းမှာ ကောင်းမွန်တဲ့ကစားသမားဘဝ စတင်မှုကို ဆက်လက် ပြသသွားဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဆော်ဒီ စူပါကလက်စီကိုပွဲစဉ်လို့ ပြောရလောက်အောင် ကြီးမားတဲ့ပွဲစဉ်ကို King Abdullah Sports City ကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပေမယ့် စိတ်ဝင်စားစရာကောင်းတာက အဲဒီပွဲစဉ်ကို စပိန်လူမျိုးနည်းပြ မက်တဲအူ လားဟို့ဇ်က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။ လားဟို့ဇ်ဟာ ၂၀၁၈-၂၀၁၉ ရာသီနဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာ ၂ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာမှာ အဝါကတ် ၈ ကတ်နဲ့ အနီကတ် ၃ ကတ်အထိ ပြသခဲ့သူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အာဂျင်တီးနားနဲ့ နယ်သာလန်တို့ပွဲမှာ အဝါကတ် ၁၈ ကတ်နဲ့ ဒန်ဇယ် ဒမ်ဖရီးစ်ကို အနီကတ်ပြသခဲ့ပြီးနောက် ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရတာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီက ဖီဖာကို လားဟို့ဇ်ရဲ့ အနေအထားကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲ ကစားဖို့ ကျန်ရှိနေသေးချိန်မှာ အိမ်ပြန်ပို့ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ လားဟို့ဇ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ အဝါကတ် ၁၅ ကတ်နဲ့ အနီကတ် ၂ ကတ်ပြသခဲ့ပြီးနောက် အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးသူ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ လာမယ့်ပွဲစဉ်တွေကို တာဝန်ပေးထားရာကနေ ဖယ်ရှားခြင်းခံခဲ့ရပြီး ရာသီကုန်မှာ ဒိုင်လူကြီးလောကကနေ အနားယူတော့မယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လားဟို့ဇ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပွဲစဉ်တွေကိုလည်း အကြိမ်ပေါင်းများစွာ တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က တစ်ခါတုန်းကဆိုရင် ၎င်းရဲ့ ငယ်ပါကို ဆုပ်ကိုင်ပြီး ‘ဟေး မက်တဲအူ။ မင်း ဒါကို ကြိုက်တယ်မလား။ ဟုတ်လား။ ခင်ဗျား ကြိုက်လား”လို့တောင် အော်ဟစ်ခဲ့ဖူးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လားဟို့ဇ်နဲ့ ရော်နယ်လ်ဒိုတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားတဲ့ဓာတ်ပုံကို မြင်တွေ့ခဲ့တာကြောင့် အယ်လ် အစ်တီဟတ်ပရိသတ်အချို့က ပေါ်တူဂီကြယ်ပွင့်ဘက်ကနေ ဘက်လိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
Your new digest 50
Post a Comment