မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရီကို လူးဝစ္စ၊ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ရိုဒရီ၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဒီဘရိုင်းနား ကြံ့ခိုင်မှု မပြည့်ဝလို့ အရန်ခုံမှာပဲ ထားခဲ့ရချိန်မှာ ဟားလန်းရဲ့ နောက်ကနေ အယ်လ်ဗာရက်ဇ်က လိုက်ကစားတဲ့ ပုံစံကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ဘုန်းမောက်တို့ကတော့ ဂိုးသမား နီတို၊ ခံစစ်မှာ ဆီနက်ဆီ၊ မက်ဖမ်၊ စတီဖင်စ်၊ အဒမ် စမစ်နဲ့ ဇီမူရာတို့ကို ငါးယောက်အထိ ထားခဲ့ပြီး ကွင်းလယ်မှာတော့ တစ်ပွဲသာ ကစားပြီး ဂိုးသွင်းပြခဲ့တဲ့ တာဗားနီးယာ ပြန်နာသွားချိန်မှာ လားမား၊ ဘီလင်း၊ ဟာမက် ထရာအိုရေးနဲ့ အူယက်တာရာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆိုလန်ကီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။
ပွဲချိန် ၁၅ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဖိုဒန်ရဲ့ ညာခြမ်းက ဆွဲဝင်ပြီး ထိုးဖောက်မှုက ကန်ခွင့် မသာဘဲ ပြန်ထွက်လာတာကို ဟားလန်းက အနီးကပ် ကျုံးထည့်ခဲ့တာက ဘားထိပြီး ပြန်ထွက်လာတာကို အခွင့်အရေးကို မလွတ်တမ်း စောင့်ပြီး အသုံးချနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်က ဘယ်ဘက်တိုင်နားကနေ ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၂၉ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ပြေးထွက်ပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဂွန်ဒိုးဝမ်ရဲ့ ပေးပို့မှုကို ဖိုဒန်က ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဇီမူရာက ဖျက်ထုတ်ခဲ့လို့ လည်ထွက်လာတဲ့ ဘောလုံးကို ဟားလန်းက ပြေးဝင်ကန်သွင်းယူသွားခဲ့တာပါ။
ပွဲချိန် ၄၅ မိနစ်မှာတော့ ဧည့်သည်တွေပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်မှာ ဘောလုံးပေးရင်း ဘယ်သူမှ မရှိတဲ့ အဝေးကြီးကို တစ်ယောက်ယောက် ယူနိုးနိုးနဲ့ လှမ်းပေးလိုက်တဲ့ ဘီလင်းရဲ့ အမှားကနေ ဖိုဒန်က ဖြတ်တောက်ရယူသွားခဲ့ပြီး တားဆီးဖို့ ကြိုးစားတဲ့ စတီဖင်စ်ရဲ့ ဖိအားပေးမှုကို တောင့်ခံရင်း ဂိုးသမား နီတိုနဲ့ အတွေ့မှာ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ မန်စီးတီးတို့က ဘုန်းမောက်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း ဂွါဒီယိုလာရဲ့ လူတွေပဲ အသာစီး ရယူထားနိုင်ခဲ့ကြသလို အိမ်ရှင် ချယ်ရီတွေကတော့ နည်းပြ အိုနီးလ်ရဲ့ လုပ်နိုင်စွမ်းနဲ့ လက်ရှိကစားသမားတွေရဲ့ အတွဲအဖက် မမိမှုတွေကို ပေါင်းစပ်ဖို့က ဝေးကွာလွန်းနေတဲ့အတွက် ကစားပုံက ဖရိုဖရဲဖြစ်နေခဲ့တာပါ။
ပွဲချိန် ၅၁ မိနစ်မှာတော့ မန်စီးတီးတို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းက ဖိုဒန်ရဲ့ နှစ်ကြိမ်ဆက်တိုက် ဖြတ်တင်မှုကို ဂိုးသမား နီတို ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က အပြင်းကန်သွင်းခဲ့ရာမှာ ရှင်းထုတ်ဖို့ ကြိုးစားတဲ့ မက်ဖမ်နဲ့ထိပြီး ဂိုးထဲကို ဝင်သွားခဲ့လို့ Own Goal ဖြစ်သွားခဲ့ရပါတယ်။
ဒီနောက်မှာတော့ ဘုန်းမောက်တို့ဘက်က အဒမ် စမစ်၊ ဘီလင်းနဲ့ ထရာအိုရေးတို့အစား ဖရက်ဒရစ်ခ်၊ ရို့သ်ဝဲလ်နဲ့ အန်ထော်နီတို့ကို ထည့်ကစားခဲ့သလို မန်စီးတီးတို့ဘက်ကတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဂရီးလစ်ရှ်၊ ဟားလန်းနဲ့ အာကေတို့အစား ကယ်လ်ဗင် ဖိလစ်၊ ဆာဂျီယို ဂိုမက်ဇ်၊ မာရက်ဇ်၊ ပါရိုနီနဲ့ ဝေါ်လ်ကာတို့ကို ထည့်သွင်းကစားခဲ့ကြတာပါ။
ပွဲချိန် ၈၃ မိနစ်မှာတော့ ဘုန်းမောက်တို့ဘက်က အရှက်ပြေ ချေပဂိုးတစ်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဇီမူရာက ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ရှင်းထုတ်ပုံ မပီပြင်တဲ့ ရူဘင် ဒီယက်စ်ရဲ့ ပေါ့လျော့မှုကြောင့် လွတ်ထွက်လာတဲ့ ဘောလုံးကို လားမားက အပြင်း ကန်သွင်းသွားခဲ့တာလည်းဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘုန်းမောက်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး အာဆင်နယ်တို့ ငါးမှတ်ဖြတ်သွားမယ့် အရေးကနေ နိုင်ပွဲနဲ့အတူ ရှောင်လွှဲနိုင်ခဲ့သလို နှစ်မှတ် အကွာအဝေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ချိန်မှာ ဘုန်းမောက်တို့ကတော့ တန်းဆင်းဇုန်မှာပဲ ဆက်လက်ပျော်မွေ့နေခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment