ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ အော့ဘွန်နာ၊ အာဂွါဒ်၊ ဆိုဖာလ်နဲ့ ဘင်ဂျွန်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ပါကေးတာနဲ့ ဆိုးချက်ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘိုဝင်၊ ဘင်ရာမာနဲ့ ဒန်နီအင်းစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် နော့တင်ဟမ် ဖောရက်စ်တို့ကတော့ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ ဝေါရဲလ်၊ ဖလိပီ၊ နီကို ဝီလီယမ်စ်နဲ့ ရီနန် လိုဒီတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ကိုးလ်ဘက်၊ ရှယ်လ်ဗီနဲ့ ဖရွိုင်လာတို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဂစ်ဘ်စ်-ဝှိုက်၊ ဘရင်နန် ဂျွန်ဆန်နဲ့ ခရစ္စဝုဒ်တို့ကို တင်ကစားလာခဲ့တာပါ။
ပွဲစကတည်းက အမှားတွေ လုပ်နေတဲ့ ဖောရက်စ်တို့ကြောင့် ဝက်စ်ဟမ်းတို့ ခြိမ်းခြောက်နိုင်ခဲ့သလို အိမ်ရှင်တွေဘက်က ထောင့်ကန်ဘောတွေ မကြာခဏ ရနေခဲ့ပြီး ကီလော် နာဗက်စ်တစ်ယောက် အသည်းအသန် ကာကွယ်နေခဲ့ရသလို စောစောစီးစီး ဂိုးပေးရဖို့ နီးစပ်ခဲ့ပေမယ့် ကံကောင်းနေခဲ့လို့ သက်သာခဲ့ရတာဖြစ်သလို စတိဗ် ကူးပါးအနေနဲ့ ဒီနေ့မှာ ဒေးဗစ်မွိုက်ရဲ့ ပြိုင်ဘက်အဆင့်မှာ ရှိမနေခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ အခွင့်အရေးတွေကို အသုံးမချတတ်ခဲ့တဲ့ ဝက်စ်ဟမ်းတို့ ဂိုးမရှိသရေရသာ ရခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ တိုက်စစ်ကို ပိုမို ပံ့ပိုးနိုင်ဖို့ ဆိုဖာလ်အစား ခရက်စ်ဝဲလ်ကို ထည့်သွင်းလာခဲ့သလို ဖောရက်စ်တို့ဘက်ကို ဖိကစားနိုင်ခဲ့ပြီး ဘိုဝင်ရဲ့ ကန်ချက်တစ်ကြိမ်က တိုင်ထိထွက်ခဲ့လို့ ဟမ်းမားတွေ ရင်ခံခဲ့ရတာပါ။
ဖောရက်စ်တို့ဘက်က ရှယ်လ်ဗီအစား အွန်ဒရေ အာယူးကို ထည့်ပြီး အပြောင်းအလဲလုပ်ခဲ့အပြီးမှာတော့ နောက်ခံလူ ဖလိပီနဲ့ ဘောလုံးလုရင်း ထိခိုက်မိခဲ့တဲ့ ဂိုးသမား ဖာဘီယန်စကီး ဆက်မကစားနိုင်တော့တာကြောင့် သူ့အစား အရန်ခုံက အာရီယိုးလားနဲ့ အစားထိုးခဲ့ရသလို ပွဲကိုတော့ ဝက်စ်ဟမ်းတို့ပဲ ဖိကစားနေခဲ့ပါတယ်။
ပွဲချိန် မိနစ် ၇၀ မှာတော့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘောလုံးရလာတဲ့ ဘိုဝင်ရဲ့ Cross Shot ကို ဖောရက်စ်ခံစစ်က မတားလိုက်နိုင်ဘဲ လွတ်ထွက်သွားတာကို တိုက်စစ်မှူး ဒန်နီ အင်းစ်က အနီးကပ် ကန်သွင်းခဲ့ရာမှာ ဂိုးသမား နာဗက်စ်ပါ အငိုက်မိသွားခဲ့လို့ လူကျွံသလိုလို ရှိတဲ့ ဂိုးကိုတော့ VAR ပြန်ကြည့်ပြီး ဂိုးပေးခဲ့ရတာပါ။
ပွဲချိန် ၇၃ မိနစ်မှာ ဝက်စ်ဟမ်းတို့ပဲ ဆက်တိုက်ဆိုသလို ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးလုယူနိုင်ခဲ့တဲ့ ပါကေးတာက အလယ်ကို ထည့်ပေးရာမှာ ဘင်ရာမာက ဧရိယာထဲအထိ တောက်လျှောက်ဆွဲဝင်ပြီး အနိမ့်ဘော ချိုးပေးရာမှာ ဖောရက်နောက်ခံလူတွေရဲ့ ရှေ့ကနေ ဒန်နီအင်းစ်ကပဲ ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၈ မိနစ်မှာတော့ အနိုင်သေချာစေမယ့် တတိယဂိုးကို ဝက်စ်ဟမ်းတို့ပဲ သွင်းယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံး ပြန်ရလာပြီး တိုက်စစ်ဆင်လာခဲ့တဲ့ ဒက်ကလန် ရိုက်စ်က ဘယ်ခြမ်းကို ထုတ်ပေးခဲ့ရာမှာ ဘင်ရာမာက ရရှိသွားခဲ့ပြီး တောင်ပံကနေ ဧရိယာထိပ်ကို ပြန်ချိုးပေးရာမှာ ရိုက်စ်ကပဲ လူကြားထဲကနေ ညာဘက်တိုင်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာတော့ အိမ်ရှင်တွေဘက်က ဘင်ရာမာ၊ ပါကေးတာနဲ့ ဒန်နီအင်းစ်တို့အစား ဖော်နယ်လ်စ်၊ လန်ဇီနီနဲ့ အန်တိုနီယိုတို့ကို ထည့်ခဲ့ပြီး ပွဲကို ထိန်းဖို့ ကြံခဲ့သလို ဧည့်သည်တွေဘက်ကတော့ ရီနန် လိုဒီ၊ ခရစ္စဝုဒ်နဲ့ ဘရင်နန် ဂျွန်ဆန်တို့အစား တော့ဖိုလို၊ လင်ဂတ်နဲ့ ဆာရစ်ချ်တို့ကို လဲကစားပြီး ရလဒ်ပြောင်းနိုင်ဖို့ ကြိုးစားလာခဲ့တာပါ။
ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ဝက်စ်ဟမ်းတို့ပဲ ဂိုးရသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ခရက်စ်ဝဲလ် ပေးတာကို ဖော်နယ်လ်စ်က တစ်ချက် ခေါက်ပြီးမှ ဧရိယာထဲကနေ အဝေးတိုင်ဘက်ဆီ လှမ်းမ,ပေးရာမှာ အန်တိုနီယိုက သူ့ရှေ့မှာ ရှိနေတဲ့ တော့ဖိုလိုထက် ဦးအောင် ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ စတုတ္ထ ပွဲသိမ်းဂိုး ရရှိခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ဝက်စ်ဟမ်းယူနိုက်တက်တို့က နော့တင်ဟမ် ဖောရက်စ်တို့ကို လေးဂိုး-ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူပြီး တန်းဆင်းဇုန်ကနေ အဆင့် ၁၆ နေရာဆီ ရုန်းထွက်လာနိုင်ခဲ့ကြလို နည်းပြ ဒေးဗစ်မွိုက်စ်ရဲ့ ဖိအားတွေ လျော့ကျလာခဲ့ပြီး ဖောရက်စ်တို့ကတော့ ရှေ့တလောက နိုင်ပွဲတွေ ရထားတာကြောင့် တန်းဆင်းဇုန် ရုန်းဘက်တွေကို လက်ပြန်ကမ်းမယ့် ပုံစံမှာ ရှိနေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment