အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ယူကရိန်းသားကို ကပ္ပတိန်ပေးခဲ့သလို ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကိုပဲ ခင်းကျင်းလာခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် လက်စတာစီးတီးအသင်းကတော့ ဂိုးသမား ဝါ့ဒ်၊ ခံစစ်မှာ ဆောက်တာ၊ ဖေးစ်၊ ကက်စတာညာနဲ့ ခရစ္စတီယန်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒီဒီ၊ ဂျူးစ်ဘာရီ-ဟောလ်နဲ့ ပရက်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ တေတေ၊ အီဟန်နာချိုနဲ့ ဟာဗီဘန်းစ်တို့ကို စုဖွဲ့ပေးလာခဲ့တာပါ။
ပွဲစကတည်း အာဆင်နယ်တို့အနေနဲ့ ဘောလုံးကိုင်ကစားပြီး ရုရှားရဲ့ ကျူးကျော်စစ်ကို ကန့်ကွက်တဲ့အနေနဲ့ ယူကရိန်းလက်ပတ်ကို ပေးပတ်ပြီး ကပ္ပတိန်အဖြစ် ကစားခဲ့တဲ့ ဇင်ချန်ကိုက အသင်းရဲ့ ကစားကွက်မှာ အော်ဒီဂွါဒ်နဲ့အတူ ဖန်တီးမှုပိုင်းကို တာဝန်ယူသွားခဲ့ချိန်မှာ ထရော့ဆတ်ကတော့ False 9 အဖြစ်တဲ့ လက်စတာခံစစ်ကြားမှာ လှုပ်ရှားဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၂၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ထရော့ဆတ်က လှလှပပ လိမ်ခေါက်ပြီးမှ ကန်သွင်းသွားနိုင်ခဲ့ပေမယ့် ဂိုးသမားလက်ကို ဆွဲပြီး ခေါင်းတိုက်ဖို့ ကြိုးစားခဲ့တဲ့ ဘန်ဝှိုက်ရဲ့ တုံးအလွန်းမှုကြောင့် VAR နဲ့ ဂိုးပယ်ဖျက်ခံခဲ့ရတာကြောင့် အာဆင်နယ်ပရိသတ်တွေ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။
ပွဲချိန် ၃၂ မိနစ်မှာ ဆာကာကို နောက်ကနေ ဖက်ပြီး ဧရိယာထဲမှာ ဆွဲလှဲတဲ့ ဆောက်တာရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို VAR က ပြန်တောင် မကြည့်ဘဲ ပယ်ချသွားခဲ့တာက အာဆင်နယ်တို့ကို ပရီးမီးယားလိဂ်ရဲ့ လုပ်ကြံမှုကို မြင်သာထင်သာရှိစေခဲ့ပြီး ပထမပိုင်းမှာတော့ တခြား ပရီးမီးယားလိဂ်ပွဲစဉ်တွေလိုပဲ အာဆင်နယ်တို့လည်း လက်စတာတို့နဲ့ ဂိုးမရှိသရေပဲ ကျနေခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၆ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်က ဂါဘရီယယ်လ် ကန်တင်ပေးတာကို ဘယ်ခြမ်းကနေ ထရော့ဆတ်က လိုက်လံရယူပြီး လက်စတာနောက်ခံလူ ဆောက်တာရဲ့ ခြေကြားကနေ ဧရိယာထဲ ချပေးရာမှာ မာတီနယ်လီက အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာပါ။
ဒီဂိုးကိုတော့ ဒိုင်တွေ ဘယ်လိုမှ အပြစ်ရှာမရလို့ ပေးခဲ့ရတာဖြစ်ပြီး ဂိုးသွင်းတဲ့ မာတီနယ်လီကို အန်ဒီဒီက တက်နင်းခဲ့ပေမယ့် အဝါလေးတောင် ပြသဖို့ ပျက်ကွက်ခဲ့သလို ပွဲချိန် ၅၅ မိနစ်မှာ ဘရာဇီးလ်သားရဲ့ ဖန်တီးမှုကနေ ဆာကာက ဂိုးသွင်းခဲ့ပေမယ့် ဘယ်လိုမျိုး လူကျွံဘောဖမ်းပြီး ဘယ်လိုမျိုး VAR နဲ့ ပယ်ဖျက်သလဲဆိုတာကိုလည်း ပွင့်လင်းမြင်သာ ချမပြဘဲ တတ်နိုင်သလောက် ဖုံးဖုံးဖိဖိ ဇာတ်ကားရိုက်သွားခဲ့တာဖြစ်ပါတယ်။
လက်ကျန်ပွဲချိန်တွေမှာတော့ လေးလံလာတဲ့ ချာကာကို လဲကစားရမယ့်အစား ဖာဘီယို ဗီယာရာကို မထည့်ရဲတဲ့ နည်းပြ အာတီတာကြောင့် အာဆင်နယ်ကွင်းလယ်က ပြဿနာရှိနေခဲ့သလို ဇင်ချန်ကိုနဲ့ ဂျော်ဂျင်ညိုတို့လည်း ပင်ပန်းလာခဲ့တာကြောင့် လက်စတာတို့ ခြိမ်းခြောက်ခွင့်တွေ မကြာခဏ ရရှိခဲ့ပေမယ့် ဧည့်သည်တွေအနေနဲ့ ခံစစ်မှာ အမှားအယွင်းမရှိ ကစားသွားနိုင်ခဲ့ကြတာပါ။
ဒီနေ့ပွဲမတိုင်ခင်မှာ အာဆင်နယ်တို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ကို အရမ်းမမျှော်လင့်ထားနဲ့ဆိုပြီး ပြောထားခဲ့တဲ့ လက်စတာနည်းပြ ဘရန်ဒန် ရော့ဂျားစ်ရဲ့ စကားကတော့ ဒိုင်ကူပြီး အနိုင်ယူဖို့ ကြိုးစားမှာဖြစ်လို့ ကြိုပြောထားခဲ့တာလားလို့လည်း သံသယဝင်စရာဖြစ်ခဲ့ပြီး ပြစ်ဒဏ်ဘော ကျူးလွန်မှု မှန်သမျှကို မြေခွေးတွေ တစ်ဝါမှ မထိခဲ့တာကလည်း ရွံရှာဖွယ်ဖြစ်ခဲ့ရပါတယ်။
ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က လက်စတာတို့ကို မာတီနယ်လီရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး VAR နဲ့ ဒိုင်လူကြီးတွေရဲ့ တားဆီးမှုကို ကျော်ဖြတ်သွားနိုင်ခဲ့သလို ဒီနေ့မှာ ရယူနိုင်ခဲ့တဲ့ အဝေးကွင်းက အဖိုးတန် ၃ မှတ်ကြောင့် မန်စီးတီးတို့ မကန်ခင်မှာ အမှတ်ပေးဇယားကို ၅ မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment