ဗီလာကို အနိုင်ယူပြီး အာဆင်နယ်နဲ့ မကန်ခင် ဖိအားကြီးကြီးပေးလိုက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ လာပေါ့တ်နဲ့ ဝေါ်လ်ကာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အက်စ်တန်ဗီလာအသင်းကတော့ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ချိမ်းဘားစ်၊ ကွန်ဆာ၊ အက်ရှ်လီယန်းနဲ့ ဒီညာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ရမ်ဆေးတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဘေလီ၊ ဘွင်ဒီယာနဲ့ ဝပ်ကင်းစ်တို့ကို ခင်းကျင်းလာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကနေ မာရက်ဇ် ကန်ပို့ပေးတာကို အရပ်ရှည်တဲ့ ခံစစ်သမားတစ်ယောက်မှ ပါမလာတဲ့ ဗီလာခံစစ်ကြားမှာ လွတ်ထွက်သွားတဲ့ ရိုဒရီက ခပ်ပြင်းပြင်း ခေါင်းတိုက်ချက်နဲ့ တိုက်လာတဲ့ ကြက်ဥကို ဖောက်သောက်ပြီး ဂိုးသမား မာတီနက်ဇ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

တိုင်ရုန်းမင်းစ်နဲ့ ဒန်ဒွန့်ကာတို့လို ကစားသမားတွေ မပါချိန်မှာ သူတို့ရဲ့ အရပ်အမြင့်ဆုံး ကစားသမားက ဂိုးသမားကလွဲရင် ၆ ပေသာ အများဆုံး ရှိနေခဲ့ပြီး ဒီအတွက် အူနိုင်း အမ်မရီတစ်ယောက် ခံစားသွားခဲ့ရသလို မန်စီးတီးတို့အနေနဲ့ အမြင့်ဘော ကစားတဲ့ အသင်းမျိုး မဟုတ်လို့သာ ဗီလာတို့ ပုလဲခမသွားခဲ့ရတာပါ။

ပွဲချိန် ၁၁ မိနစ်မှာ ရှေ့မကြည့်နောက်မကြည့် ကစားနေတဲ့ ချိမ်းဘားစ်ကို ကျော်ပြီး ရိုဒရီက ခင်းပေးရာမှာ ညာဘက်ကို အနိမ့်ဘော ကန်ရင်ကန် မဟုတ်ရင် ဟားလန်းကို ဖန်တီးပေးရမယ့်အစား ဘယ်ဘက်ကို ချိုးကန်တဲ့ ဂွန်ဒိုးဝမ်ကြောင့် ဂိုးသမားနဲ့ ထိထွက်ခဲ့လို့ မန်စီးတီးတို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရပြီး ဂျာမန်သားအနေနဲ့ ဒီနေ့မှာ ဂိုးရဖို့တော့ အတားအဆီးတွေ ကြုံခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ ဟားလန်းနဲ့ ဘောလုံးယှဉ်ဖမ်းရာမှာ လွတ်ကျတဲ့ ဂိုးသမား မာတီနက်ဇ်ကြောင့် ပြန်ကျလာတဲ့ ဘောလုံးကို ဂွန်ဒိုးဝမ်က ကန်သွင်းခဲ့ပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘောလို့ ဆုံးဖြတ်ခဲ့လို့ မန်စီးတီးတို့ ဒေါသထွက်ခဲ့ရသလို ထောင့်ကန်ဘောက ပြန်ထွက်လာတဲ့ ဘောလုံးကို ဂရီးလစ်ရှ် ကန်သွင်းရာမှာ ချိမ်းဘားစ် လက်ထိခဲ့ပေမယ့်လည်း VAR က ပင်နယ်တီ မပေးဘဲ ပယ်ချသွားခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဂိုးသမား ရှင်းထုတ်နိုင်တဲ့ ဘောလုံးလမ်းကြောင်းကို မတွက်ဆဘဲ ဘေးကို ခေါင်းတိုက်ထုတ်ခဲ့တဲ့ ချိမ်းဘားစ်ကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးကို လိုက်လံရယူနိုင်ခဲ့တဲ့ ဟားလန်းက ဂိုးစည်းနားကနေ အတွင်းကို ပြန်ချိုးပေးရာမှာ ဗီလာနောက်ခံလူ သုံးယောက်လောက်က ရှင်းထုတ်နိုင်ရမယ့်အစား လွတ်ထွက်လာတာကို ဘယ်ဘက်မှာ စောင့်နေတဲ့ ဂွန်ဒိုးဝမ်က ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။


နာကျင်အချိန်ပို ၁ မိနစ်မှာတော့ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အသင်းဟောင်းဘက်က သူငယ်နှပ်စားလေး ရမ်းဆေးရဲ့ သာမန်တွန်းတိုက်မှုကို ဧရိယာထဲမှာ ဒိုက်ဗင်ကွက်တိထိုးပြီး ရုပ်ရှင်ရိုက်သွားတဲ့ ဗီလာကပ္ပတိန်ဟောင်း ဂရီးလစ်ရှ်ကြောင့် ရတဲ့ ပင်နယ်တီကို မာရက်ဇ်က ဂိုးသမား မာတီနက်ဇ်ကို လှည့်စားပြီး အလယ်တည့်တည့်ကို အပြင်းကန်သွင်းနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ မန်စီးတီးတို့က ဗီလာတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင်တွေဘက်က ကြံ့ခိုင်မှု မပြည့်သေးတဲ့ နောက်ခံလူ ဒီယက်စ်နဲ့ တိုက်စစ်မှူး ဟားလန်းတို့အစား အာကန်ဂျီနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ထည့်သွင်းပြီး အာဆင်နယ်နဲ့ ကြားရက်ပွဲစဉ်အတွက် ချွေတာသွားခဲ့ပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာ ကွန်ဆာရဲ့ အမှားကနေ အယ်လ်ဗာရက်ဇ် ဖြတ်ယူပြီး နောက်ပြန်ချပေးတာကို ရိုဒရီ ကန်ပေမယ့် မာတီနက်ဇ်က နှစ်ဆင့် ဖမ်းယူသွားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ ဗီလာတို့ဘက်က ဒီညာ၊ ဘေလီနဲ့ ဘွင်ဒီယာတို့အစား မက်ဂင်း၊ ဒူရန်နဲ့ အဲလက်စ် မိုရီနိုတို့ကို ထည့်ပြီး အပြောင်းအလဲလုပ်လာခဲ့တာပါ။

Post a Comment

Previous Post Next Post