ရပ်ကွက်ထဲက အတင်းအဖျင်းတွေကို ရောင်းစားပြီး အသက်မွေးသူ

ကိုလံဘီယာနိုင်ငံမှ အမျိုးသမီးကြီးတစ်ဦးဟာ ရပ်ကွက်တွေမှ အတင်းအဖျင်းတွေကို အခကြေးငွေနဲ့ ရောင်းစားပြီး ငွေရှာနေပါတယ်။ ကွင်ဒီယိုခရိုင် အာမေးနီးယားမြို့မှာ နေထိုင်တဲ့ အသက် ၆၇ နှစ် အမျိုးသမီး မိုင်ရီယမ်ဟာ သူတပါးအကြောင်း စပ်စုရတာကို ဝါသနာထုံသူဖြစ်ပြီး ပတ်ဝန်းကျင်မှာ အိမ်တွင်းရေး အဆင်မပြေတာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လင်မယား စကားများ ရန်ဖြစ်တာ စတဲ့ ကိစ္စတွေကို နားစွင့် စောင့်ကြည့်လေ့ရှိသူပါ။

သူ့အိမ်မှာ အိမ်နီးချင်းတွေရဲ့ ဓာတ်ပုံနဲ့အတူ သူတို့ရဲ့ အိမ်တွင်းရေးအကြောင်းတွေကို သင်ပုန်းကြီးတစ်ခုမှာ ယှဉ်တွဲရေးမှတ်ထားလေ့ရှိပြီး အဆင်ပြေနေသလား၊ ပြဿနာဖြစ်နေသလား၊ စီးပွားရေး တိုးတက်လာသလား၊ ဆုတ်ယုတ်သွားသလား၊ ဘာတွေ ထူးခြားလာသလဲဆိုတာကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့ရှိပါတယ်။

” အရင်ကတော့ လူတွေက ကျွန်မကို အဆင့်အတန်းမရှိဘူးလို့ ပုတ်ခတ်ခဲ့ကြဖူးတယ်။ အတင်းအဖျင်း ပြောတာကို အခကြေးငွေ ယူပြီး လုပ်ကတည်းက အဲဒီပုတ်ခတ်မှုကနေ ကင်းလွတ်သွားတာပဲ။ ကျွန်မက ဒီမြို့ရဲ့ အတင်းအဖျင်း စုဝေးရာကြီးပေါ့။ ဒါပေမဲ့ လူတွေက သူတပါး အတင်းအဖျင်း သိချင်ကြတော့ ကျွန်မဆီ လာမေးကြတာပါပဲ”လို့ မိုင်ရီယမ်က ဆိုပါတယ်။

မိုင်ရီယမ်ဟာ သူ့ရဲ့အတင်းအဖျင်းတွေကို အဆင့်ခွဲခြားထားလေ့ရှိပြီး အပေါ်ယံလောက်ပဲ သိချင်ရင် တစ်ဈေး၊ အတွင်းကျကျ အချက်အလက် အစုံ သိချင်ရင် တစ်ဈေး သတ်မှတ်ထားပါတယ်။ အတင်းအဖျင်းတစ်ခုအတွက် ပီဆိုငွေ ၂၀၀၀ ကနေ ၃၀၀၀ ကြား ( အမေရိကန်ဒေါ်လာ ဝ.၅ ဒေါ်လာမှ ဝ.၇ ဒေါ်လာကြား) ကောက်ခံလေ့ ရှိပါတယ်။

အတင်းအဖျင်း ပြောတာကို အခကြေးငွေယူပြီး လုပ်နေပေမဲ့ အဲဒီကရတဲ့ ဝင်ငွေဟာ သူ့ရဲ့ တနေ့တာ အသုံးစရိတ်ကို မကာမိဘူးလို့ မိုင်ရီယမ်က ဆိုပါတယ်။

Ref: 67-year-old Colombian woman makes a living selling neighborhood gossip

NZ (ရိုးရာလေး) 

The post ရပ်ကွက်ထဲက အတင်းအဖျင်းတွေကို ရောင်းစားပြီး အသက်မွေးသူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post