”စာသင်ကြားရေးဆိုတာ ဘယ်နေရာမှာမဆို သင်လို့ရပါတယ်။ အဓိက စိတ်ဝင်စားအောင် လုပ်ဖို့ပဲ”
ဒီလို ပြောသူကတော့ အခုလအစောပိုင်းမှာ အမေရိကန်ဒေါ်လာ ၁ သန်းဆု ဆွတ်ခူးခဲ့တဲ့ ဆရာမ ရူဘယ်နာဂီပါပဲ။ သူဟာ မွမ်ဘိုင်းမြို့မှ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေကို စာသင်ကြားပေးဖို့ တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့သူပါ။
မွမ်ဘိုင်းမြို့တောင်ပိုင်းက အထင်ကရ အဆောက်အအုံတွေကြောင့် ခရီးသွားတွေကြား စည်ကားတဲ့ ကိုလာဘာဒေသရဲ့ လမ်းကြားလေးတစ်ခုဟာ ခဝါသည်တွေ အခြေချတဲ့ နေရာဖြစ်ပါတယ်။ သူတို့က အဲဒီလမ်းကြားလေးထဲမှာ အဝတ်တွေလျော်ကြ၊ လှန်းကြ လုပ်တာပါ။ ချို့တဲ့နွမ်းပါးတဲ့ ခဝါသည်တွေရဲ့ ကလေးတွေ ပညာသင်ကြားခွင့် ရအောင်၊ ပညာရေးကို စိတ်ဝင်စားလာအောင် ရူဘယ်နာဂီက လုပ်ဆောင်ပေးခဲ့တာပါ။
အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ရူဘယ်နာဂီက ပန်းချီဆရာမပါ။ လွန်ခဲ့တဲ့ နှစ် ၃၀ က သူ ပန်းချီဆွဲတဲ့နေရာ ရှေ့ကို ဆင်းရဲသား ကလေးငယ်တစ်ယောက် ရောက်လာပြီး စကားပြောကြရင်းကနေ ကလေးငယ်က ကျောင်းမတတ်နိုင်ရှာဘူးဆိုတာကို သူ သိသွားခဲ့ပါတယ်။ အဲဒီကလေး နေတဲ့နေရာကို လိုက်ကြည့်ရင်း သူက ဒီဒေသကို ခရီးသွားတွေ ပိုမိုဝင်ရောက်လာစေဖို့ နံရံပန်းချီတွေ ရေးဆွဲပေးခဲ့ပါတယ်။ ရူဘယ်နာဂီ ပန်းချီဆွဲနေတဲ့နေရာကို ကလေးငယ်တွေ ရောက်လာကြပြီး ရူဘယ်နာဂီက ပုံပြင် နားထောင်မလားလို့ မေးတဲ့အခါ ကလေးတွေက နားထောင်ချင်တယ်လို့ ဖြေပါတယ်။

ဒီလိုနဲ့ ရူဘယ်နာဂီဟာ နွမ်းပါးတဲ့ ကလေးငယ်တွေကို ပညာသင်ပေးနိုင်ဖို့ အကြံရခဲ့ပြီး ရူဘယ်နာဂီအနုပညာဖောင်ဒေးရှင်း (Rouble Nagi Art Foundation (RNAF)ကို တည်ထောင်ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း ရူဘယ်နာဂီနဲ့ အဖွဲ့ဝင်တွေဟာ အနုပညာအခြေပြုတဲ့ ပညာသင်ကြားရေးစနစ်ကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်ခဲ့ကြပြီး အဲဒီဖောင်ဒေးရှင်းကနေတစ်ဆင့် အိန္ဒိယရဲ့ ချို့တဲ့နွမ်းပါးတဲ့ အရပ်ဒေသ ၁၀၀ မှာ ပညာသင်ကြားရေးစင်တာ ၈၀၀ ကျော် ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ပညာသင်ကြားရေးစင်တာဆိုပေမဲ့ တချို့နေရာတွေကတော့ ကွင်းပြင်ထဲမှာ ဖျာခင်းပြီး သင်ပေးတဲ့နေရာမျိုးပါပဲ။ အဲဒီစင်တာတွေမှာ ကလေးငယ်တွေကို သင်္ချာနဲ့ ဘာသာစကားတွေ သင်ပေးတာ ဖြစ်ပါတယ်။
အခုလအစောပိုင်းမှာ ယူနက်စကိုနဲ့ ဗာကေးဖောင်ဒေးရှင်းတို့ ပူးပေါင်းချီးမြှင့်တဲ့ Global Teacher Prize ဆုပေးပွဲမှာတော့ နိုင်ငံပေါင်း ၁၃၉ နိုင်ငံမှ စာရင်းဝင်သူ ၅၀၀၀ အနက် ရူဘယ်နာဂီက ဆုရခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၁ သန်း ချီးမြှင့်ခံခဲ့ရတာပါ။
ရူဘယ်နာဂီဟာ ရရှိလာတဲ့ ဆုကြေးငွေ ဒေါ်လာ ၁ သန်းကို အသုံးပြုပြီး နောက်ထပ် ပညာသင်ကြားရေးစင်တာတွေ ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Ref: The teacher who won $1m for turning India’s slums into open-air classrooms
NZ (ရိုးရာလေး)
The post ဒေါ်လာ ၁ သန်း ချီးမြှင့်တဲ့ Global Teacher Prize ဆုကို အနုပညာအခြေပြု ပညာသင်ကြားသူ အိန္ဒိယအမျိုးသမီး ဆွတ်ခူး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment