အမျိုးသမီးအများအပြားနဲ့ မလျော်ကန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့အတူ ဘုရားကျောင်းဘဏ္ဍာငွေအလွဲသုံးစားလုပ်မှုနဲ့စစ်ဆေးခံနေရတဲ့ ရှောင်လင်ကျောင်းထိုင်ဘုန်းကြီး

တရုတ်နိုင်ငံက နာမည်ကြီးရှောင်လင်ကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီးဟာ ဘုရားကျောင်းဘဏ္ဍာငွေတွေနဲ့ ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်မှု သံသယနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ ရှောင်လင်ကျောင်းက ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ် ကျောင်းထိုင်ဘုန်းကြီး ရှီယုံရှင်းဟာ လက်ရှိမှာ ဌာနပေါင်းစုံက ပူးတွဲစုံစမ်းစစ်ဆေးမှုကို ခံနေရတဲ့အပြင် အမျိုးသမီးအများအပြားနဲ့ မလျော်ကန်တဲ့ ဆက်ဆံရေးရှိပြီး ကလေးများစွာရဲ့တရားမဝင်ဖခင်ဖြစ်ခြင်းဖြင့် အခြေခံဗုဒ္ဓဘာသာဥပဒေကို ချိုးဖောက်တယ်လို့လည်း သံသယရှိနေပါတယ်။ ကျောင်းထိုင်ဘုန်းကြီးက ကလေး ၁၇၄ ဦးရဲ့ ဖခင်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်က လူမှုကွန်ယက်မှာ ပျံ့နှံ့နေခဲ့ပေမဲ့ ဒါဟာ မမှန်ကန်ဘူးလို့ ဆိုထားပါတယ်။

ဇူလိုင် ၂၈ ရက်နေ့က တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းဟာ ကျောင်းထိုင်ဘုန်းကြီးရဲ့ သိမ်ဆင်းလက်မှတ်ကို ဖယ်ရှားခဲ့ပါတယ်။ “ဗုဒ္ဓဘာသာအသိုင်းအဝိုင်းရဲ့ဂုဏ်သိက္ခာနဲ့ ဘုန်းကြီးတွေရဲ့ပုံရိပ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေတယ်”လို့ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်း က ပြောဆိုထားပါတယ်။

ကျောင်းထိုင်ဘုန်းကြီးရဲ့သတင်းဟာဆိုရင် Weibo မှာ ပျံ့နှံ့လို့နေပါတယ်။ ဇူလိုင် ၂၆ ရက်နေ့က ဇနီးမယား ၇ ဦး၊ ကလေး ၂၁ ဦး၊ ဘုရားကျောင်းဝန်ထမ်း ၆ ဦးနဲ့အတူ အမေရိကန်ကို ထွက်ပြေးလို့ ကြိုးစားနေတဲ့ ကျောင်းထိုင်ဘုန်းကြီးကို ရှန်ဟိုင်းလေဆိပ်မှာ ဖမ်းမိခဲ့တယ်ဆိုတဲ့ သတိပေးချက်ကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတယ်လို့ The Standard သတင်းဌာနအရ သိရပါတယ်။

ဇနီးမယား ၅၁ ဦးနဲ့ တရားမဝင် ကလေး ၁၇၄ ဦးအထိရှိတယ်လို့လည်း ဆိုထားပြီး ရှောင်လင်ကျောင်းအသီးသီးကနေ အမေရိကန်ဒေါ်လာ ၄၁.၃ ဘီလျံ အလွဲသုံးစားလုပ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ တရုတ်အာဏာပိုင်တွေက ဒီသတိပေးချက်တွေဟာ အတုအယောင်တွေအဖြစ် ပယ်ချခဲ့ပြီး သူတို့ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ကျောင်းထိုင်ဘုန်းကြီးရှီဟာ ၁၉၉၉ ခုနှစ်မှာ ရှောင်လင်ကျောင်းရဲ့အကြီးအကဲဖြစ်လာခဲ့တာပါ။ အဲ့ဒီရှောင်လင်ကျောင်းက အာရှနဲ့ အနောက်တိုင်းကိုယ်ခံပညာဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီးတော့ ကျော်ကြားလာခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာဖြစ်လာခဲ့ပါတယ်။

ရှောင်လင်ကျောင်းရဲ့အမွေအနှစ်ကို စီးပွားဖြစ်လုပ်ကိုင်တဲ့အတွက် ရှီကို CEO Monk လို့ နာမည်ပြောင်ပေးခဲ့ကြပြီး ဘာသာရေးအလေ့အကျင့်ထက် အမြတ်အစွန်းကို ဦးစားပေးခြင်းဖြင့် “ဘုရားကျောင်းရဲ့မူလဝိဉာဉ်နဲ့ဓလေ့ထုံးတမ်းတွေကို ချိုးဖောက်ခြင်း”လို့ လူအများက ဝေဖန်ကြပါတယ်။

၂၀၀၆ ခုနှစ်က ရှီကို တရုတ်အစိုးရက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ပံ့ပိုးကူညီမှုအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ဇိမ်ခံကားတစ်စီးကို ပေးအပ်ခဲ့ပါတယ်။ ဒီအတွက်လည်း ပြစ်တင်ဝေဖန်ရှုတ်ချခံခဲ့ရပါတယ်။ သြစတြေးလျမှာ ဘုရားကျောင်း-ဟိုတယ် ပေါင်းစည်းထားတဲ့ အမေရိကန်ဒေါ်လာ ၂၉၇ သန်း (စင်ကာပူဒေါ်လာ ၃၈၂ သန်း) တန် အဆောက်အဦးဆောက်လုပ်ဖို့ စီစဉ်မှုအတွက်လည်း ၂၀၁၅ ခုနှစ်မှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီနှစ်မှာပဲ ရှီဟာ ကလေးများစွာရဲ့ဖခင်ဖြစ်ပြီး ရန်ပုံငွေအလွဲသုံးစားလုပ်တယ်လို့လည်း တပည့်ဟောင်းတစ်ဦးက စွပ်စွဲခဲ့ပါတယ်။ ဘာသာရေးအာဏာပိုင်တွေက စုံစမ်းစစ်ဆေးခဲ့ပေမဲ့ သက်သေမလုံလောက်တာကြောင့် စွဲချက်အားလုံးကို ရုပ်သိမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ရှီကို ကျောင်းထိုင်ဘုန်းကြီးအဖြစ်က ဖယ်ရှားလိုက်ပါပြီ။ ဇူလိုင် ၂၉ ရက်နေ့မှာ မြင်းဖြူကျောင်းရဲ့ ဘုန်းကြီး ရှီရင်လင်ကို ကျောင်းထိုင်အဖြစ် ခန့်အပ်လိုက်ကြောင်း ရှောင်လင်ကျောင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Head monk, 59, of famous Chinese Shaolin Temple in embezzlement probe, allegedly fathered children with multiple women

WL (ရိုးရာလေး)

The post အမျိုးသမီးအများအပြားနဲ့ မလျော်ကန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့အတူ ဘုရားကျောင်းဘဏ္ဍာငွေအလွဲသုံးစားလုပ်မှုနဲ့စစ်ဆေးခံနေရတဲ့ ရှောင်လင်ကျောင်းထိုင်ဘုန်းကြီး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post