အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသား

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား ဂျွန် အယ်လ်ဖရက် တင်နစ်ဝုဒ်ဟာ အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ နိုဝင်ဘာ ၂၅ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ Southport မြို့လေးရှိ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာ သေဆုံးခဲ့တာပါ။

သူ့ရဲ့နောက်ဆုံးနေ့ရက်မှာ သူ ချစ်မြတ်နိုးတဲ့ဂီတနဲ့ ချစ်ခြင်းမေတ္တာတွေဝန်းရံနေခဲ့ရတယ်။ ဂျွန်ဟာ သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ သူတွေကို အမြဲ ကျေးဇူးတင်စကားပြောရတာ ကြိုက်တယ်။ ဒါကြောင့် သူ့ကိုယ်စား နှစ်တွေအကြာကြီး ဂရုစိုက်စောင့်ရှောက်ပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ သူ့မိသားစုက ဆိုပါတယ်။

ဂျွန်ကို တိုက်တန်းနစ်သင်္ဘောနစ်မြုပ်တဲ့နှစ် ၁၉၁၂ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ သူဟာ Royal Mail ကုမ္ပဏီမှာ အလုပ်မလုပ်ခင် ဒုတိယကမ္ဘာစစ်အတွင်း Royal Army Pays Corps မှာ တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့စာရင်းစစ်ပညာကို အသုံးချခဲ့ပါတယ်။

၁၉၇၂ ခုနှစ်မှာ အငြိမ်းစားမယူခင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဖြစ်တဲ့ Shell နဲ့ BP မှာ စာရင်းကိုင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ကနေ အငြိမ်းစားယူခဲ့စဉ်အတွင်းမှာလည်း Blundellsands United Reform Church မှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့ပါတယ်။

ဇနီးဖြစ်သူနဲ့ ၁၉၄၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး နှစ်ပေါင်း ၄၄ နှစ်ကြာ အတူရှိခဲ့ကြပါတယ်။ ၁၉၈၆ ခုနှစ်မှာ သူ့ဇနီးသေဆုံးပြီးနောက် ဂျွန်ဟာ သမီးဖြစ်သူ ဆူဆန်၊ မြေး ၄ ယောက်၊ မြစ် ၃ ယောက်တို့နဲ့ အသက်ရှင်ရပ်တည်ခဲ့တာပါ။

ဧပြီလကမှ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ဂျွန့်ကို ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသားအဖြစ် သတ်မှတ်ခဲ့တာပါ။

Ref: World’s Oldest Man Dies at 112 ‘Surrounded by Music and Love’

WL (ရိုးရာလေး)

The post အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသား appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post