ဒိုင်ညစ်ပေမယ့် အဖိုးမဖြတ်နိုင်တဲ့ ရိုက်စ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ကီဗီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ် မှာတော့ ဒက်ကလန် ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် လူတန်တို့ကတော့ ဂိုးသမား ကာမင်စကီး၊ ခံစစ်မှာ မင်ဂီ၊ အိုရှိုနဲ့ ဘဲလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာဘိုရေး၊ အမ်ပန်ဇူး၊ ဘာကလီနဲ့ ဒေါက်တီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ တောင်ဆန်း၊ ဘရောင်းနဲ့ အဒီဘာယိုတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲစကတည်းက ခပ်ကြမ်းကြမ်း ကစားနေတဲ့ အိမ်ရှင်တွေကြောင့် အာဆင်နယ်တို့ ကစားကွက်ကို အသေအချာ တည်ဆောက်ဖို့ထက် အမှားကို မြင်တိုင်း အသုံးချနိုင်ဖို့ကိုပဲ ကြိုးစားခဲ့ပြီး တိုက်စစ်ကို တိုက်ရိုက်နီးပါး သွားနေခဲ့ရသလို ဆာကာကိုလည်း ထုံးစံအတိုင်း နှစ်ယောက်ကပ်ခံနေရချိန်မှာ ဗျူဟာမြောက် ရွေ့လျားမှုတွေနဲ့ အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်တို့ကတော့ အလုပ်ဖြစ်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူတန်ဂိုးသမား ကာမင်စကီးရဲ့ အမှားကြောင့် ပေးရတဲ့ လက်ပစ်ဘောကို ဂျေဆူးစ်က အမြန်မြှောက်ပေးရာမှာ ဆာကာက ဧရိယာအတွင်းကို ဆွဲဝင်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ မာတီနယ်လီက တစ်ဖက်ခံစစ်နဲ့အပြိုင် အနိမ့်ဘော ချိုးကန်သွင်းနိုင်ခဲ့လို့ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

သူတို့ရဲ့ ဦးဆောင်မှုကတော့ ပွဲချိန် ၂၅ မိနစ်မှာ ပျက်ပြယ်သွားခဲ့ပြီး ဒီနေ့ပွဲမှာ ခြေလေးသလိုဖြစ်နေတဲ့ ဘန်ဝှိုက်ကြောင့် ပေးခဲ့ရတဲ့ ထောင့်ကန်ဘောကို ဒေါက်တီက ကန်တင်ပေးရာမှာ အနီးတိုင်ဘက်မှာ တိုင်မင်အောက်ပြီး မဖျက်နိုင်ခဲ့တဲ့ အာဆင်နယ်အဖွဲ့ရဲ့ လိုအပ်ချက်ကနေ အလယ်ကို ကျလာခဲ့တဲ့ ဘောလုံးကို အိုရှိုက အပိုင်ခေါင်းတိုက်ခွင့်ရသွားခဲ့တာကြောင့် ရာယာ ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာ အာဆင်နယ်တို့ ဖိကစားခဲ့ပေမယ့် ဒိုင်လူကြီးနဲ့ VAR တို့က ဧရိယာထဲက လူတန်တို့ရဲ့ လက်ထိဘောတွေကို နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်သွားခဲ့သလို ဆာကာကတော့ တဖြည်းဖြည်းနဲ့ အိမ်ရှင်ခံစစ်ကို ဖိအားပေးလာနိုင်ခဲ့ပြီး ဂိုးသမား ကာမင်စကီရဲ့ လက်စွမ်းပြမှုတချို့ကြောင့်သာ လွယ်လွယ်နဲ့ ဂိုးထပ်မရခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုးနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ ဆာကာက ဘန်ဝှိုက်ရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးရာမှာ ညာနောက်ခံလူက ဧရိယာထဲအထိ ဝင်ပြီး ဂိုးရှေ့ကို စိတ်ကြိုက်ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျေဆူးစ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ ဧည့်သည်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ကရော်ကမယ် ကစားနေခဲ့တဲ့ အာဆင်နယ်တို့ကို ပွဲချိန် ၄၉ မိနစ်မှာ လူတန်တို့ ပြန်လည်ချေပသွားခဲ့ကြပြီး တောင်းဆန်းကြောင့် ရတဲ့ ထောင့်ကန်ဘောကို ကန်နေကျ ဒေါက်တီကပဲ ကန်တင်ပေးရာမှာ စုတ်ပြတ်နေခဲ့တဲ့ ရာယာရဲ့ ခပ်ညံ့ညံ့ ကာကွယ်ပုံကြောင့် အဒီဘာယိုက အပိုင်ခေါင်းတိုက်နိုင်ခဲ့ပြီး နှစ်ဂိုးစီဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ လူတန်တို့ပဲ တတိယဂိုးကို သွင်းယူပြီး ပြန်လည်ဦးဆောင်သွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဧရိယာထိပ်မှာ ရသွားတဲ့ တောင်ဆန်းက မကန်ဘဲ ဧရိယာဘယ်ခြမ်းကို ထိုးပေးခဲ့တဲ့ ဘောလုံးကို ဘာကလီက ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းခဲ့ရာမှာ Fot Mob Rating 3.3 နဲ့ ဘုရားစူးဂိုးသမား ရာယာရဲ့ လက်အောက်က ဝင်သွားခဲ့ပြန်လို့ အာတီတာ မျက်နှာပျက်ခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် မိနစ် ၆၀ မှာတော့ အာဆင်နယ်တို့ သရေကျစေမယ့် ချေပဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျေဆူးစ်က မင်ဂီနဲ့ ယှဉ်လုပြီး ဧရိယာထဲကို ချပေးခဲ့ရာမှာ ဟာဗတ်ဇ်က ကာကွယ်ဖို့ ကြိုးစားတဲ့ ဂိုးသမားထက်ဦးအောင် ကန်သွင်းနိုင်ခဲ့တာကြောင့် သုံးဂိုးစီဖြစ်နေခဲ့တာပါ။

ဒီနောက်မှာတော့ ပွဲကို နှေးအောင်လုပ်ဖို့ ကြိုးစားနေပြီး ဟာဗတ်ဇ် ဂိုးမသွင်းခင်ကတည်းက လူလဲဖို့ ကြိုးစားနေပြီး တစ်မိနစ် နောက်ကျ မျိုးကျော့မြိုင်ဖြစ်ခဲ့တဲ့ လူတန်တို့ဘက်က အဒီဘာယို၊ ဘရောင်းနဲ့ တောင်းဆန်းတို့အစား မောရစ်၊ တာဟစ်ချုံးနဲ့ အော့ဘီနီတို့ကို လဲကစားခဲ့ပြီး အာဆင်နယ်တို့ကတော့ ကီဗီယာနဲ့ မာတီနယ်လီတို့အစား ဇင်ချန်ကိုနဲ့ ထရော့ဆတ်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။

ဗျူဟာပြောင်းခဲ့ပေမယ့် ဆက်တိုက်ဆိုသလို ခြေပျက်နေခဲ့တဲ့ ထရော့ဆတ်ရဲ့ အလုပ်မဖြစ်မှုကြောင့် အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်နဲ့ ဂျေဆူးစ်တို့ရဲ့ အလယ်ကြောကိုပဲ အားပြုခဲ့ရသလို ဆာကာကို ဧရိယာထဲမှာ ဖိလှဲခံခဲ့ရတာကိုလည်း ပင်နယ်တီ မပေးဘဲ လောင်းကစားဒိုင်အကြိုက် လုပ်သွားခဲ့လို့ အာဆင်နယ်တို့ ဒီနေ့ပွဲမှာ ပင်နယ်တီကန်ခွင့် လေးကြိမ်လောက်ကို ငြင်းပယ်ခံခဲ့ရပြီး ပွဲချိန်အပြည့်အထိ သရေကျနေခဲ့သလို နာကျင်အချိန်ပိုကိုတော့ ၆ မိနစ် ကစားခဲ့ရတာပါ။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဇင်ချန်ကိုရဲ့ ဖရီးကစ်ကို ကန်တင်ပေးရာကနေ ပြန်ကျလာတာကို အော်ဒီဂွါဒ်က ဧရိယာအပြင်ကနေ လှမ်းမ,ပေးခဲ့ရာမှာ လူကြားထဲက ဂိုးရှေ့ကျလာခဲ့တဲ့ ဘောလုံးကို ဒက်ကလန် ရိုက်စ်က ခေါင်းတိုက်ပြီး ဂိုးသမား ကာမင်စကီးကို ငုတ်တုတ်မေ့စေနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဒိုင်ဘယ်လောက်ညစ်ပြီး ဂိုးသမား ရာယာ ဘယ်လောက်အသုံးမကျပေမယ့် Champion Luck နဲ့ အာဆင်နယ်တို့က လူတန်တို့ကို လေးဂိုး-သုံးဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၃၆ မှတ်နဲ့ ဒုတိယနေရာက လီဗာပူးလ်ကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သလို ပရိသတ်တွေကိုလည်း Come Back နိုင်ပွဲနဲ့ အားတက်စေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ဒိုင်ညစ်ပေမယ့် အဖိုးမဖြတ်နိုင်တဲ့ ရိုက်စ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရတဲ့ အာဆင်နယ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post