ငှက်ကျားလောက်တော့ ကြက်သမားတွေက မဖြုံဘူးဆိုပြီး နိုင်ပွဲပြန်ရှာခဲ့တဲ့ စပါး

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဘန်ဒေးဗီးစ်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့နဲ့ လူစုံလုနီးပါး ပြန်ဖြစ်လာခဲ့သလို ကွင်းလယ်မှာတော့ ဘီဆူးမား၊ ပါပီ မာတာ ဆားရ်တို့အတွဲကို ပြန်ထိုင်ခဲ့ပြီး တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဘရင်နန် ဂျွန်ဆန်၊ ဆွန်ဟောင်မင်နဲ့ ရစ်ချာလစ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အရန်ခုံမှာ လူမရှိတဲ့ နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ လာဆဲလ်စ်၊ ရှား၊ ထရစ်ပီယာနဲ့ လီဗရာမင်တို့တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ မိုင်လီတို့ကိုပဲ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၂၆ မိနစ်မှာ စပါးစ်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နောက်မှာချည်း ထိုင်ခံနေတဲ့ နယူးကာဆယ်လ်တို့ကို စိတ်ကြိုက် ကစားနေတဲ့ အိမ်ရှင်တွေဘက်က အူဒိုဂီက ကွင်းလယ်ကနေ ဆွန်ဟောင်မင်ရဲ့ တောင်ပံကို ပေးပြီး ဂိုးရှေ့ ပြေးတက်သွားခဲ့ချိန်မှာ ကိုရီးယားကပ္ပတိန်က အနိမ့်ဘော ချိုးပေးတဲ့ ဖန်တီးမှုကို သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးအဖြစ် လွတ်လွတ်ကျွတ်ကျွတ် အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာလည်း စပါးစ်တို့ကပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ဆွန်ဟောင်မင်က တစ်ကိုယ်တော်အစွမ်းနဲ့ ဧရိယာထဲကို ဆွဲဝင်ပြီး ဂိုးတိုင်နားရောက်မှ ဂိုးရှေ့ကို ခင်းပေးရာမှာ ရစ်ချာလစ်ဆန်က အနီးကပ် အနေအထားကနေ ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဂိုးသွင်းခဲလှတဲ့ ရစ်ချာလစ်ဆန်ကပဲ သူ့ရဲ့ ဒုတိယဂိုးနဲ့ စပါးစ်တို့အတွက် တတိယဂိုးကို ရယူပေးခဲ့ပြီး ဒီဂိုးကိုတော့ ညာတောင်ပံကနေ ပေါ်ရိုက ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ လေးလံထိုင်းမှိုင်းလှတဲ့ နယူးကာဆယ်လ်ခံစစ်မှူး လာဆဲလ်စ်ကို ကျော်ကျလာခဲ့တဲ့‌ ဘောလုံးကို ရစ်ချာလစ်ဆန်က တစ်ချက်ထိန်းပြီး Volley ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာ စပါးစ်တို့ပဲ ပြတ်ပြတ်သားသားဖြစ်စေမယ့် စတုတ္ထဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဧရိယာထဲ ဆွဲဝင်လာခဲ့တဲ့ ဆွန်ဟောင်မင်ကို ခြေချိတ်လှဲခဲ့မိတဲ့ ငှက်ကျားဂိုးသမား ဒူဘရက်ဗ်ကာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဒီနေ့ပွဲမှာ ဂိုးရသင့်နေပြီ ဖြစ်တဲ့ ကိုရီးယားသားကပဲ ဘယ်ဘက်တိုင်ခြေကို ကိုယ်တိုင်ကန်သွင်းယူခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အရှက်ပြေ ချေပဂိုးတစ်ဂိုးကို ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဘောလုံးပြန်ရလာခဲ့တဲ့ လူစားဝင်တိုက်စစ်မှူး ဝီလ်ဆန်က ကန်မလိုလိုနဲ့ ဘယ်ဘက်ကို ခင်းပေးခဲ့ရာမှာ ဧရိယာထဲမှာ လွတ်နေတဲ့ ဂျိုလင်တန်က အနိမ့်ဘော အပြင်းကန်သွင်းပြီး စပါးစ်တို့ကို Clean Sheet ပျက်စေခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာ သရေရထားပြီး ၃ ပွဲအထိ ရှုံးနိမ့်ထားခဲ့တဲ့ စပါးစ်တို့အနေနဲ့ အိမ်ကွင်းမှာ နယူးကာဆယ်လ်ကို လေးဂိုး-တစ်ဂိုးနဲ့ ချေမှုန်းသွားနိုင်ခဲ့ကြပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ခြေကုတ်ပြန်ယူနိုင်ခဲ့သလို လာမယ့်ပွဲတွေအတွက် လူပြန်စုံလာမှုနဲ့အတူ အားတက်စရာလည်းဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ငှက်ကျားလောက်တော့ ကြက်သမားတွေက မဖြုံဘူးဆိုပြီး နိုင်ပွဲပြန်ရှာခဲ့တဲ့ စပါး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post