လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကယ်လေဟာ၊ ခံစစ်မှာ ဗန်ဒိုက်၊ ကွမ်ဆား၊ ဂျိုးဂိုမက်ဇ်နဲ့ ဆီမီကတ်စ်တို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ ဆိုဘော့ဆ်လိုင်းနဲ့ ကားတစ်ဂျုံးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဲလီးယော၊ ဒါဝင် နူးညက်ဇ်နဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ မာဗရိုပါနို့စ်၊ အော့ဘွန်နာ၊ ဆိုဖာလ်နဲ့ ဂျွန်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အယ်လ်ဗာရက်ဇ်၊ ဆိုးချက်ခ်နဲ့ ဖော်နယ်လ်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကူဒူးစ်၊ ဘိုဝင်နဲ့ ဘင်ရာမာတို့ကို တွဲဖက်ပေးလာခဲ့တာပါ။
ပွဲစကတည်းက အိမ်ရှင်တွေကပဲ ထိန်းချုပ်ကစားခဲ့ချိန်မှာ ဝက်စ်ဟမ်းတို့ဘက်က လိဂ်ချန်ပီယံရှစ်အဆင့်တောင် ရှိမနေတော့တဲ့ အီတလီ-နိုင်ဂျီးရီးယား လူအိုခြေကျ အော့ဘွန်နာနဲ့ လီဗာပူးလ်လို အသင်းမျိုးကို ကိုင်တွယ်ဖို့ အဆင့်မရှိသေးတဲ့ အာဆင်နယ်လူဟောင်း မာဗရိုပါနို့စ်တို့ကို တွဲပေးခဲ့တာက မရှုမလှဖြစ်စေခဲ့ပြီး တိုက်စစ်က ကူဒူးစ်ကလည်း ပွဲရှိန်နေပြီး ထောင့်ဖြတ်မှ မှန်အောင် ဖြတ်မတင်ပေးတတ်တဲ့အခါ သနားစရာဖြစ်နေခဲ့ရပါတယ်။
ပွဲချိန် ၂၈ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဝက်စ်ဟမ်းတို့ ကောင်တာဝင်လာတာရာမှာ ရှေ့ကို ဦးအောင်တက်ပြီး ဖြတ်ယူနိုင်ခဲ့တဲ့ နောက်ခံလူ ကွမ်ဆားက ခင်းပေးတဲ့ ဘောလုံးကို ဆိုဘော့ဆ်လိုင်းက တစ်ချက်ထိန်းပြီး ဘယ်ဘက်တိုင်ကို အနိမ့်ဘော ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား အာရီယိုးလား ညံ့ဖျင်းလွန်းလို့ ဂိုးပေးလိုက်ရတာပါ။
ဒေးဗစ် မွိုက်စ်ရဲ့ အသင်းမှာ ဝါ့ဒ်-ပရောက်စ်၊ အာဂွါဒ်၊ ဇူးမားနဲ့ ပါကေးတာတို့လို ကစားသမားတွေကို အနားပေးထားချိန်မှာ ဝင်ကစားတဲ့ အရန် လူတွေအနေနဲ့ ပရီးမီးယားလိဂ် ပွဲထွက်နေကျ အသင်းရဲ့ အရှိန်အဟုန်မျိုးကို လိုက်မမီဘဲ နိမ့်ပါးနေခဲ့ကြတာကြောင့် ပထမပိုင်းမှာ လီဗာပူးလ်တို့ကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာ လီဗာပူးလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဒါဝင် နူးညက်ဇ် ခင်းပေးလိုက်တာကို ပွဲကြည့်ပရိသတ်တွေကို ကြောင်ကြည့်နေခဲ့ကြတဲ့ မာဗရိုပါနို့စ်နဲ့ ဆိုဖာလ်တို့ကြားကနေ ပြေးထွက်သွားတဲ့ ကားတစ်ဂျုံးစ်က ထောင့်ကျဉ်းအနေအထားကနေ ဂိုးသမား အာရီယိုးလားရဲ့ ပေါင်ကြားကို ဘယ်ခြေနဲ့ ကန်ထည့်သွားခဲ့တာပါ။
ခံစစ်တစ်တန်းလုံး သုံးစားမရအောင် ညံ့ခဲ့တာကြောင့် ပေးလိုက်ရတဲ့ ဂိုးအပြီးမှာတော့ ဒေးဗစ် မွိုက်စ်က ဘင်ရာမာအစား ပါကေးတာကို ထည့်ခဲ့သလို ယာဂန် ကလော့ပ်ကတော့ အန်ဒို၊ ဗန်ဒိုက်၊ ဆိုဘော့ဆ်လိုင်းနဲ့ ဆီမီကတ်စ်တို့အစား အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ကိုနာတေ၊ ဆာလားနဲ့ လူငယ်နောက်ခံလူ ဘရက်ဒ်လီတို့ကို ပြောင်းလဲသွားခဲ့ပါတယ်။
ပွဲချိန် ၇၁ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ လူများပြီး ပွဲမစည်တဲ့ ဝက်စ်ဟမ်း ကွင်းလယ်က သုံးယောက်တောင် ဘောလုံးမထိန်းနိုင်ခဲ့ကြတဲ့ အမှားကနေ ကိုနာတေက ဖြတ်ယူပြီး ဧရိယာထိပ်ကို ခင်းပေးရာမှာ ဘောလုံးရသွားခဲ့တဲ့ ဂက်ခ်ပိုက မာဗရိုပါနို့စ်ကို တစ်ချက်ခေါက်ပြီး ခံစစ်တန်းကြားကနေ အနိမ့်ဘော ကန်သွင်းယူခဲ့ရာမှာ ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့တာပါ။
ပွဲချိန် ၇၇ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုးတစ်ဂိုးကို ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ နောက်ခံလူ ဂျွန်ဆန်က ဘယ်တောင်ပံကို ကန်တင်ပေးလိုက်ရာမှာ လိုက်လံရယူနိုင်ခဲ့တဲ့ ဘိုဝင်က ပါးနပ်တဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ လီဗာပူးလ်နောက်ခံလူ ကွမ်ဆားကို မျက်လှည့်ပြပြီးမှ ညာခြေနဲ့ အဝေးတိုင်ဘက်ကို အမြောက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီအချိန်မှာပဲ ဝက်စ်ဟမ်းတို့ရဲ့ ဟဒယရွှင်ဆေး တိုက်ကျွေးမှုကို မြင်ခဲ့ရပြီး သုံးဂိုး-တစ်ဂိုးဖြစ်သွားလို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ရေးရေးအတွက် ကြိုးစားခဲ့ရာမှာ ကူဒူးစ်နဲ့ ဆိုဖာလ်တို့အစား ဝါ့ဒ်-ပရောက်စ်နဲ့ ခယ်ရာတို့ကို ထည့်သွင်းခဲ့သလို အဆိုးဆုံး အမှားအဖြစ်တော့ လီဗာပူးလ်ကွင်းလယ်ကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ အယ်လ်ဗာရက်ဇ်ကို ထုတ်ပြီး ဒန်နီအင်းစ်ကို ပြောင်းလဲခဲ့ချိန်မှာ အိမ်ရှင်တွေဘက်ကတော့ ဂက်ခ်ပိုအစား လူးဝစ် ဒီယက်ဇ် ဝင်ကစားလာခဲ့တာပါ။
ပွဲချိန် ၈၂ မိနစ်မှာတော့ အယ်လ်ဗာရက်ဇ် မရှိတဲ့ ဒဏ်ကို ဝက်စ်ဟမ်းတို့ လှလှကြီး ခံစားသွားခဲ့ရပြီး လီဗာပူးလ်တို့ကို စတုတ္ထဂိုး ပေးလိုက်ရသလို ဒီဂိုးကိုတော့ မာဗရိုပါနို့စ်ရဲ့ ထောင့်ကန်ဘောလဲ မဟုတ်ဘဲ ခွေးအလုပ် မြည်းလုပ်တဲ့ ရှေ့တက်ဂိုးသွင်းဖို့ ကြိုးစားရာကနေ ပျက်တဲ့ ဘောလုံးကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က ပြန်ရပြီး ခင်းပေးခဲ့ရာမှာ ဆာလားက ကွင်းလယ်ကနေ ပြိုင်ဘက် ခံစစ်မှူးနှစ်ဦးဖြစ်တဲ့ အော့ဘွန်နာနဲ့ ခယ်ရာတို့ကြားကနေ တောက်လျှောက်ဆွဲပြေးပြီး ကူကယ်ရာမဲ့ဖြစ်သွားခဲ့တဲ့ ဂိုးသမား အာရီယိုးလားကို အနိမ့်ဘော ခပ်သာသာ ကန်သွင်းပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၈၄ မိနစ်မှာ လီဗာပူးလ်တို့ပဲ ပဉ္စမမြောက်ဂိုးကို သွင်းယူပြီး ဧည့်သည်တွေကို နှိပ်ကွပ်သွားခဲ့သလို ဒီဂိုးကိုတော့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ပဲ ကွင်းလယ်ကို ထိုးထည့်ပေးလိုက်တဲ့ ဘောလုံးကို ကားတစ်ဂျုံးစ်က ဝက်စ်ဟမ်းနောက်ခံလူ ငါးယောက်လောက်ကြားထဲကနေ တောက်လျှောက်ဆွဲယူပြီး ဂိုးရှေ့ကျမှ ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘောချိုးထည့်ပြီး အလဲထိုးသွားခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က ဝက်စ်ဟမ်းတို့ကို ငါးဂိုး-တစ်ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူပြီး ကျန်ခဲ့တဲ့ ပွဲတုန်းက မန်ယူကို အန်းဖီးလ်မှာ သရေကျလို့ တင်းနေတဲ့ အိမ်ရှင်ပရိသတ်တွေကို နှစ်သိမ့်နိုင်ခဲ့သလို ဧည့်သည်နည်းပြ ဒေးဗစ် မွိုက်စ်အတွက်တော့ ကွင်းလယ်အဖျက်မပါဘဲ လာကစားလို့ရတဲ့ အသင်းမျိုး မဟုတ်ဘူးဆိုတာကို သက်သေနဲ့တကွ ပညာပေးနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။T
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post မွိုက်စ်နဲ့ ဝက်စ်ဟမ်းကို ပညာပေးနှိပ်ကွပ်ပြီး ဆီမီးတက်တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ် first appeared on Sports A2Z.
Your new digest 50
Post a Comment