စပါးစ်ကို ရိုက်ချပြီး ချဲလ်ဆီးကို စင်တင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ဇာတ်ညွှန်းတစ်ပုဒ်

ပရီးမီးယာလိဂ်ရဲ့ လူပြောများတဲ့ WWE ဇာတ်ညွှန်းတွေက တစ်ပတ်တည်းမှာပဲ တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မရှုံးသေးတဲ့ နှစ်သင်းထဲက အာဆင်နယ်ကို စည်းကျော်ဂိုးနဲ့ ဆွဲချခဲ့အပြီး အိမ်ကွင်းမာပါတယ်ဆိုတဲ့ စပါးစ်တို့ကိုလည်း အနီကတ်နှစ်ကတ် ပြသဖို့ စီစဉ်ထားလေတော့ ချဲလ်ဆီးတို့ စင်တင်မှာ သီချင်းဆိုရုံပဲဖြစ်လာခဲ့တာပါ။

ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ ဒီဆာဆီ၊ သီယာဂို ဆေးလ်ဗား၊ ရီးစ် ဂျိမ်းစ်နဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂါလာဂါနဲ့ အန်ဇို ဖာနန်ဒက်စ်တို့ကိုပဲ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါးလ်မား၊ စတာလင်နဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့တာပါ။

အိမ်ရှင် စပါးစ်တို့ကတော့ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဗန်ဒဗင်၊ ပေါ်ရိုနဲ့ အူဒိုဂီတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘီဆူးမား၊ ပါပီ မာတာ ဆားရ်နဲ့ မက်ဒီဆန်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဘရင်နန် ဂျွန်ဆန်နဲ့ ဆွန်ဟောင်မင်တို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုအနေနဲ့ သူ့ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို ဂဏန်းငြိမ်အောင် တည်ဆောက်နိုင်ခဲ့ပြီး ခံစစ်ကိုသာ ဟိုလူလိုလို ဒီလူလိုလို ဖြစ်နေခဲ့ချိန်မှာ ပိုစတီကိုဂလူးကတော့ ဒီနေ့ပွဲမှာ ခံစစ်မကောင်းလှတဲ့ ပေါ်ရိုကို ချဲလ်ဆီးရဲ့ လျင်မြန်ပြီး မာယာများတဲ့ ဘယ်တောင်ပံတိုက်စစ်တွေကို ထိန်းခိုင်းခဲ့တာက နည်းနည်းလောက် အမှတ်ပြန်လျှော့ရမယ့် အချက်ဖြစ်ခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာ စပါးစ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မက်ဒီဆန် ပေးတာကို ဆားရ်က ညာတောင်ပံကို ခင်းပေးလိုက်တဲ့ ဘောလုံးကို ကူလူရှက်ဗ်စကီးက အတွင်းကို ချိုးဝင်ပြီး ချဲလ်ဆီးနောက်ခံလူတွေ ပိတ်ထားတဲ့ ကြားထဲက ဧရိယာအစပ်ကနေ ကန်သွင်းခဲ့ရာမှာ လူထိပြီး ဝင်သွားခဲ့လို့ ဂိုးသမား ဆန်ချက်ဇ် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ စပါးစ်ခံစစ်ရဲ့ မတည်ငြိမ်မှုတွေကို မကြာခဏမြင်ခဲ့ရပြီး ဆွန်ဟောင်မင် ဂိုးထပ်သွင်းခဲ့ပေမယ့် လူကျွံဘောဖြစ်နေခဲ့သလို ပေါ်ရိုကို နိုင်ချင်တိုင်း နိုင်နေတဲ့ စတာလင်ကလည်း ဘယ်တောင်ပံက တိုးဝင်ပြီး ဂိုးသွင်းရာမှာ လက်ထိဘောကြောင့် ဂိုးမရခဲ့ဘဲ ကိုင်စီဒိုက ဂိုးထပ်သွင်းရာမှာလည်း ဂျက်ဆန် လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာ အန်ဇို ဖာနန်ဒက်ဇ်ကို ဘောလုံးမထိဘဲ ကန်မိခဲ့သလို ခြေကျင်းဝတ်ကို နင်းမိခဲ့တဲ့ အာဂျင်တီးနားအသင်းဖော် ရိုမဲရိုးကို VAR နဲ့ ပြန်ကြည့်ပြီး အနီကတ်ပြ ထုတ်ပယ်ခဲ့သလို ပင်နယ်တီပါ ပေးခဲ့တာကြောင့် ချဲလ်ဆီး ချေပဂိုးပြန်ရခဲ့ပြီး ဒီဂိုးကိုတော့ ပါးလ်မားက ညာဘက်တိုင်ခြေကို ကန်သွင်းခဲ့ရာမှာ ဗီကာရီယို ဒိုက်ပစ်ပေမယ့် မမီခဲ့ဘဲ ဂိုးဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာ ဂျက်ဆန်က ဂိုးပိုက်ထဲ ဘောလုံးကို ပို့ခဲ့ပြန်ပေမယ့် စတာလင် လူကျွံနေခဲ့လို့ ဂိုးမဖြစ်ခဲ့သလို နာကျင်အချိန်ပိုမှာတော့ ချဲလ်ဆီးဘက်ကို အဝါတွေ ပေးပြီး ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက နှစ်သိမ့်ပြသွားခဲ့ပေမယ့် ခေါင်းတိုက်ရာမှာ ဘာမှ မဆိုင်ဘဲ လက်မြှောက်ပြီး အူဒိုဂီကို တံတောင်နဲ့ တွက်ခဲ့တဲ့ ရီးစ် ဂျိမ်းစ်ကတော့ ဘာကတ်မှ မထိခဲ့တာကြောင့် ရယ်စရာပဲဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ဂျွန်ဆန်၊ မက်ဒီဆန်နဲ့ ဒဏ်ရာရသွားတဲ့ ဗန်ဒဗင်တို့အစား ဒိုင်ယာ၊ ရိုယဲလ်နဲ့ ဟွိုင်ဘယာ့ဂ်တို့ကို လဲပြီး စပါးစ်တို့ ခံစစ် ပိတ်ကစားနိုင်ခဲ့လို့ တစ်ဂိုးစီဖြစ်နေခဲ့သလို ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့က အဝါထိထားတဲ့ ကောလ်ဝီလ်အား ကူကူရဲလားကို လာခဲ့ချိန်မှာ ဧည့်သည်တွေ မနိုင်မှာ စိုးတာကြောင့် ပွဲချိန် ၅၅ မိနစ်မှာ ၅၀-၅၀ အနေအထားမှာ စတာလင်ကို ဘောလုံးရော လူပါဖျက်တဲ့ အဝါပြပြီး နောက်တစ်ကွက်ရွှေ့သွားခဲ့တာပါ။

ဒီက ရတဲ့ ဖရီးကစ်ကို ပွဲချိန် ၅၆ မိနစ်မှာ အတိုပေးပြီး ဖန်တီးမှုက အတော်ကောင်းခဲ့ပေမယ့် ဂျက်ဆန်ရဲ့ ခေါင်းတိုက်ချက်ကို ဟွိုင်ဘယာ့ဂ်က ဂိုးစည်းပေါ်က ရှင်းထုတ်သွားခဲ့လို့ ရင်ခံခဲ့ရသလို အန်ဇို ဖာနန်ဒက်ဇ်အစား မူဒရစ်ခ်ကို ထည့်ပြီး စပါးစ်ခံစစ်ရဲ့ လူကျွံထောင်ချောက်တွေကို ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုရဲ့ ဗျူဟာကတော့ တဖြည်းဖြည်း အန္တရာယ် အငွေ့အသက်တွေကို ပြသလာခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ အနိုင်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒိုင်ယာနဲ့ ဟွိုင်ဘယာ့ဂ်တို့ ဗဟိုခံစစ်ကစားနေခဲ့ကြလို့ လေးလံလာတဲ့ စပါးစ်ခံစစ်ကြားကနေ ညာခြမ်း ပြောင်းကစားနေတဲ့ စတာလင်က လျင်လျင်မြန်မြန် ဖောက်ထွက်သွားခဲ့ပြီး ဂိုးရှေ့မှာ အနိမ့်ဘော အပိုင် ခင်းပေးရာမှာ ဂျက်ဆန်က အသာအယာ ပိတ်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာ ဖရီးကစ်ကနေ ဒိုင်ယာက ချေပဂိုးသွင်းခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးတို့ ဦးဆောင်မှုကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့သလို ပွဲချိန် ၈၉ မိနစ်မှာ ဘောလုံးနောက် ပြေးလိုက်ရင်း ရှေ့တက် ရှင်းထုတ်တဲ့ စပါးစ်ဂိုးသမား ဗီကာရီယိုကို တက်နင်းတဲ့ မူဒရစ်ခ်ကိုတော့ အဝါပဲ ပြခဲ့တာက ရိုမဲရိုးရဲ့ အနီကတ်နဲ့ ယှဉ်ရင် ဟားတိုက်စရာဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပိုမှာတော့ ချဲလ်ဆီးတို့ ကံကောင်းနေခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ ကန်ချက်ကို ဂိုးသမား ဆန်ချက်ဇ် ကာကွယ်အပြီး တစ်မိနစ်အကြာ ပွဲချိန် ၉၄ မိနစ်မှာတော့ တတိယဂိုး ထပ်ရခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကောင်တာကနေ ဂါလာဂါ ဖောက်ထွက်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ခင်းပေးရာမှာ အားထုတ်မှု နည်းပါးလွန်းတဲ့ ပေါ်ရိုရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ ဂျက်ဆန်က အပိုင်ကန်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန် ၉၇ မိနစ်မှာတော့ ဂျက်ဆန်တစ်ယောက် ဆယ်ဂိုးလောက် ရသင့်ချိန်မှာ ဟက်ထရစ်ယူနိုင်ဖို့ ဖြစ်လာခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ပါးလ်မားက စပါးစ်နောက်တန်းတွေပေါ် ကျော်ပြီး ကန်တင်ပေးခဲ့ရာမှာ ခံစစ်တောင် ကစားတတ်သေးရဲ့လားလို့ မေးယူရမယ့် ဒိုင်ယာရဲ့ ညံ့ဖျင်းမှုကြောင့် ပြေးထွက်ပြီး ရယူနိုင်ခဲ့တဲ့ ဂျက်ဆန်ကပဲ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လန်ဒန်ဒါဘီမှာ ချဲလ်ဆီးတို့က စပါးစ်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး ဘယ်သူတွေ ဘယ်လိုပဲ ခန့်မှန်းခဲ့ကြပေမယ့်လည်း ပွဲတိုင်းဟာ ပရီးမီးယားလိဂ်ရဲ့ ကြိုးဆွဲရာ ကရတဲ့ ဇာတ်ညွှန်းပုံဖော်မှုတွေသာဖြစ်ပြီး အသင်းတွေအနေနဲ့ ဒါတွေကို တတ်နိုင်သလောက် တွန်းလှန်ဖို့သာ ရှိကြောင်းကို ကွက်ကွက်ကွင်းကွင်း မြင်ရတဲ့ တနင်္လာညပိုင်း ဟာသတစ်ပုဒ်ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post စပါးစ်ကို ရိုက်ချပြီး ချဲလ်ဆီးကို စင်တင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ဇာတ်ညွှန်းတစ်ပုဒ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post