ကတုံးချင်း တူပေမယ့် IQ ချင်း မတူကြောင်းနဲ့ ရှုံးမဲအသင်းကို ဗုံးကြဲခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်နဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ကြပြီး ကွင်းလယ်မှာတော့ ဂျွန်စတုန်းစ်၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဂရီးလစ်ရှ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကိုပဲ တင်ကစားလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ အီဗန်စ်၊ ဒါလော့နဲ့ လင်ဒီလော့ဖ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အဲရစ်ဆန်၊ အမ်မရာဘတ်နဲ့ မက်တော်မီနေးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာပါ။

မန်ယူတို့ရဲ့ ခံစစ်ကြီးက ခေါင်းကြီးနဲ့ အဘိုးကြီး တွဲကစားပြီး ဘယ်ခြမ်းမှာလည်း လင်ဒီလော့ဖ် ခြုံရင် တစ်ကိုယ်လုံး လုံတယ်ဆိုတဲ့ အားရစရာ ခံစစ်အတွေးအခေါ်ကြီး ဖြစ်နေခဲ့တော့ မန်စီးတီးနဲ့ ယှဉ်ကစားဖို့က ဒါမျိုးကြီးလားဟယ်လို့ မေးစရာဖြစ်ခဲ့သလို ကွင်းလယ်မှာလည်း ဘယ်သူက အဖျက်မှန်း မသိဘဲ ဝေဝေဝါးဝါး ကစားနေခဲ့ချိန်မှာ ဘရူနို ဖာနန်ဒက်စ်က ညာခြမ်းလိုလို အလယ်လိုလိုနဲ့ အဖြစ်က တော်တော်လေးဆိုးခဲ့တာပါ။

တန်ဟတ်အနေနဲ့ ဂွါဒီယိုလာနဲ့တူတာ ကတုံးချင်းပဲရှိပြီး အတွေးအခေါ်၊ ပွဲကို ချဉ်းကပ်ပုံနဲ့ IQ ပိုင်းမှာတော့ ချန်ပီယံရှစ်အဆင့်သာ ရှိနေခဲ့လို့ မန်စီးတီးတို့ကို ဗျူဟာပိုင်းရော ပွဲကို စိုးမိုးမှုအပိုင်းမှာပါ အရှုံးပေးခဲ့ရပြီး စကတည်းက တဒိုင်းဒိုင်း အကန်ခံနေရမှုနဲ့ အောက်က လိုက်ကစားခဲ့ရသလို တိုက်စစ်က ကိုယ့်အရှိန် ကိုယ်မထိန်းနိုင်ဘဲ ပြေးနေတဲ့ ဟွိုင်လန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း အမိမဲ့သား ရေနည်းငါးလေးတွေလို ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တစ်မိနစ်ကျော်ကြာမှ ပြန်ကြည့်တဲ့ VAR မှာ ရိုဒရီကို ဟွိုင်လန်းက ဧရိယာထဲမှာ ဆွဲလှဲကြောင်း မြင်ခဲ့ရလို့ ဒိုင်လူကြီး ပေါလ် တီယာနီက ပင်နယ်တီ သတ်မှတ်ပေးခဲ့သလို ဟားလန်းက ကန်သွင်းရာမှာ အိုနာနာတစ်ယောက် အဝါအထိခံ အနှောင့်အယှက်ပေးပြီးမှ မကာကွယ်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၃၁ မိနစ်မှာ ဖိုဒန် နောက်ပြန်အပေးမှားတာကနေ ဟွိုင်းလန်းက ဖြတ်ယူပြေးပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ့်အရှိန် ကိုယ်မနိုင်ခဲ့လို့ ဘာမှ ဖြစ်မလာဘဲ အလဟဿဖြစ်ခဲ့ရသလို ပထမပိုင်းတစ်ပိုင်းလုံး အိုနာနာသာ ဒုက္ခများနေခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ မက်တော်မီနေးရဲ့ ကန်ချက်ကလည်း အီဒါဆန်တည့်တည့်ပဲဖြစ်နေခဲ့လို့ မန်စီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပါတယ်။

ဒုတိယပိုင်းအစမှာတော့ အဝါထိထားတဲ့ အမ်မရာဘတ်အစား မေဆန်မောင့်ကို ထည့်ပြီး ညာခြမ်းမှာ ထားကစားခဲ့သလို မက်တော်မီနေးကို နောက်ပို့ပြီး ဘရူနို ဖာနန်ဒက်စ်က ကွင်းလယ်တိုက်စစ်ကို ပြန်ဝင်တဲ့ အကွက်နဲ့ ပြောင်းလဲသွားခဲ့ပေမယ့် တန်ဟတ်ရဲ့ ဗျူဟာက ဖားတစ်ပိုင်း ငါးတစ်ပိုင်းနဲ့ အောက်ကလိအာတွေပဲ ဖြစ်နေခဲ့တာကြောင့် ဘာမှ ထူးမလာဘဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၄၉ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဂရီးလစ်ရှ် ပေးတာကို ဂိုးစည်းနားအထိ ပြေးပြီး ဖြတ်တင်ပေးတဲ့ ဘာနာဒို ဆေးလ်ဗားရဲ့ ပေးပို့မှုကို အဝေးတိုင်ဘက်မှာ တစ်ယောက်တည်း လွတ်နေတဲ့ ဟားလန်းက အပိုင်ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒီဂိုးမှာတော့ ဘယ်နောက်ခံကစားတဲ့ လင်ဒီလော့ဖ်နဲ့ အီဗန်စ်တို့ရဲ့ နေရာယူပုံ ညံ့ဖျင်းမှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

နှစ်ဂိုးရှုံးနေခဲ့တာတောင် တန်ဟတ်မှာတော့ အဖြေမရှိခဲ့ဘဲ အပြောင်းအလဲမလုပ်ရဲခဲ့သလို မိနစ် ၇၀ ကျော်မှ လူလဲမယ်ဆိုတဲ့ သင်တန်းကို အာဆင်ဝင်းဂါးဆီ သွားတက်ထားသလား မှတ်ရပြီး ဂါနာချို၊ အန်တိုနီတို့ကို ပွဲအဖြေပြောင်းနိုင်ဖို့ စောစောစီးစီး ထည့်ရမယ့်အစား ဒီတိုင်းပဲ ဆက်ကစား နေတာကြောင့် အိုနာနာတစ်ယောက် မပဋာမြေလူးဖြစ်နေခဲ့ရတာပါ။

ပွဲချိန် ၇၃ မိနစ်ကျမှ ဘာအကြောင်းကြောင့် ဘယ်နောက်ခံ ကစားခိုင်းထားမှန်း မသိတဲ့ လင်ဒီလော့ဖ်နဲ့ ဟွိုင်လန်းတို့အစား ရက်ဂီလွန်နဲ့ ဂါနာချိုတို့ကို ထည့်ခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းနဲ့ ကစားအားက ကျဆင်းနေပြီဖြစ်လို့ မိုးလွန်မှ ထွန်ချသလိုပဲဖြစ်ခဲ့ရသလို Chief Creator ဘရူနို ဖာနန်ဒက်စ်နဲ့ ဘယ်ကစားသမားကမှ ဖန်တီးမှုတွေကိုလည်း မလုပ်ဆောင်နိုင်တော့လို့ မန်စီးတီးတို့ နဘယံ ဘေးမရှိပဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ မန်စီးတီးတို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူသွားခဲ့ပြန်ပြီး Pressing ညံ့တဲ့ မန်ယူကွင်းလယ်ကြားက ထီမထင်ဟန်နဲ့ ဆွဲယူကန်သွင်းခဲ့တဲ့ ရိုဒရီရဲ့ ကန်ချက်ကို အိုနာနာ အသည်းအသန် ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဟားလန်းက ဧရိယာထဲမှာ ရယူပြီး မကန်ဘဲ ဂိုးရှေ့ ဖြတ်ချိုးပေးရာမှာ ဖိုဒန်က ဂိုးစည်းနားက ပိတ်သွင်းပြီး ဂိတ်ကို မီးရှို့သွားခဲ့တာပါ။

ဒီနောက်မှာတော့ ပရိသတ်တွေ ထပြန်သွားခဲ့ချိန်မှာမှ တန်ဟတ်အနေနဲ့ အဲရစ်ဆန်၊ ရက်ရှ်ဖို့ဒ်တို့အစား အန်တိုနီနဲ့ မာစီယယ်လ်တို့ကို ထည့်ခဲ့ပြီး ဒါက သွေးရူးသွေးတန်းလုပ်ရပ်သာဖြစ်နေခဲ့သလို အကျိုးသက်ရောက်မှု မရှိတော့ဘဲ သူတို့ရဲ့ တစ်သင်းလုံးပေါင်း သွင်းဂိုးက ဟားလန်းတစ်ယောက်တည်း သွင်းယူတဲ့ ဂိုးတွေနဲ့ ၁၁ ဂိုးချင်း တူညီသွားခဲ့တဲ့ အဖြစ်ဆိုးနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိုးလ်ထရက်ဖို့ဒ်က မန်ချက်စတာဒါဘီမှာ စီးတီးတို့က ယူနိုက်တက်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အ‌ဝေးကွင်းနိုင်ပွဲ ဆင်နွှဲခဲ့သလို အာဆင်နယ်တို့နဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်သွားခဲ့ကြပြီး မန်ယူတို့ကတော့ သူတို့အောက်က ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းကြောင့် အဆင့် ၈ နေရာကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ကတုံးချင်း တူပေမယ့် IQ ချင်း မတူကြောင်းနဲ့ ရှုံးမဲအသင်းကို ဗုံးကြဲခဲ့တဲ့ မန်စီးတီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post