မင်းတို့မှာ ဘယ်လင်ဂမ်ရှိလားလို့ မေးပြီး ဘာဆာကို နောက်ကနေ ကြိတ်တဲ့ ရီးရဲလ်

တစ်ချိန်တုန်းကလို မဟုတ်တော့တဲ့ စပိန်ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး အယ်လ်လာစီကို ပွဲစဉ်ကတော့ အသင်းကို ခိုင်မာတဲ့ ပလန်နဲ့ မျက်ခြေမပြတ် တည်ဆောက်ထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်တို့ စားဖို့ဖြစ်သွားခဲ့ပြီး မက်ဆီ စော်ကား ငရဲလားခဲ့တဲ့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဘာစီလိုနာတို့ရဲ့ နူးကမ့်မှာ အရှက်ကွဲပွဲလည်း ဖြစ်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ခရစ္စတင်ဆန်၊ အာရူဟိုနဲ့ အီညီဂို မာတီနက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ဂါဗီ၊ ကန်ဆယ်လိုနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖာမင် လိုပက်ဇ်၊ ဖယ်ရန် တောရက်စ်နဲ့ ဂျာအို ဖဲလစ္စတို့ကို ခံစစ်အားကိုး ၃-၄-၃ ပုံစံနဲ့ ပွဲထုတ်လာခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်တို့ကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ ရူဒီဂါ၊ အလာဘာ၊ ကာဗာဟယ်လ်နဲ့ ဖယ်လွန် မန်ဒီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီ၊ တိုနီ ခရူးစ်၊ ဗယ်လ်ဗာဒီနဲ့ ဘင်လင်ဂမ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂိုနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ကို ကစားနေကျအတိုင်းပဲ တွဲဖက်ပေးခဲ့တာပါ။

ဒီနှစ်သင်းရဲ့ လူအင်အားကို ကြည့်ကတည်းက ဘယ်အသင်းက ဆုဖလားတွေအတွက် ရင်းနှီးမြှုပ်နှံထားပြီး ဘယ်အသင်းက ပရိသတ်တွေကို ဂျင်းထည့်နေတဲ့ အသင်းလဲဆိုတာ သိသာခဲ့သလို ရိုမီယူလို တန်းမဝင်တဲ့ ကစားသမားနဲ့ ဂွန်ဒိုးဝမ်လို လူအိုခြေကျက ဘယ်လင်ဂမ်နဲ့ ယှဉ်ရင် ခပ်ဝေးဝေးမှာ ရှိနေခဲ့တာကြောင့် ဒီနေ့ပွဲက ရီးရဲလ်တို့အတွက်ပဲ ဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ ဘာစီလိုနာတို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂွန်ဒိုးဝမ်နဲ့ ဖယ်ရန် တောရက်စ်တို့ ဘောလုံးတွဲဖို့ ကြိုးစားတာကို ဖျက်ထုတ်တဲ့ ချွာမင်နီနဲ့ အလာဘာတို့ သေချာမဖျက်နိုင်ဘဲ ဆက်တိုက်မှားခဲ့ရာမှာ ဧရိယာထဲ ဘောလုံးပြန်ရသွားတဲ့ ဂွန်ဒိုးဝမ်က သူ့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ဟောင်း ကီပါကို အနိုင်ယူကန်သွင်းသွားနိုင်ခဲ့တာပါ။

မိုဒရစ်ချ် မပါတဲ့ ကွင်းလယ်မှာ တိုနီ ခရူးစ်ကို ထိပ်တန်းအဆင့်မှာ မရှိတော့ဘဲ သုံးစွဲနေရတာက ရီးရဲလ်ကွင်းလယ်ကို တည်ဖို့ ခက်စေခဲ့သလို နည်းပြ အန်ချယ်လော့တီအနေနဲ့ လူငယ်တွေကို ဇာဗီလို မဟုတ်ဘဲ နေရာပေးဖို့ တွန့်ဆုတ်နေတာက ပြဿနာတစ်ခုဖြစ်နေပြီး အီတာလျံအဘိုးကြီးအနေနဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ အိမ်ကွင်းအားနဲ့ ညစ်ဖို့ ကြိုးစားတဲ့ ဘာစီလိုနာတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ရီးရဲလ်တို့အနေနဲ့ မန်ဒီအစား ကာမာဗင်ဂါ၊ ရိုဒရီဂိုအစား ဟိုဆေးလူးတို့ကို ထည့်သွင်းခဲ့တဲ့အတွက် ကစားအား ပိုတက်လာပြီး ဘာစီလိုနာတို့ကတော့ ဂိုးရခွင့်တွေ လွဲချော်နေခဲ့လို့ ပထမပိုင်းမှာ ဗီနီးရှပ်စ်နဲ့ နပမ်းလုံးပြီး အဝါထိထားတဲ့ ဖယ်ရန် တောရက်စ်အစား လီဗန်ဒေါ့ဗ်စကီးကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဗီနီးရှပ်စ်က ဘယ်ခြမ်းကနေ ဂိုးရှေ့ ဖြတ်တင်ပေးတာကို ဂါဗီ ခေါင်းတိုက်ရှင်းထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘယ်လင်ဂမ်က ဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူခဲ့ရာမှာ ဂိုးညာဘက် အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ စောစောကလေးကပဲ ချွာမင်နီရဲ့ ကန်ချက်ကို ကာကွယ်ထားတဲ့ တာစတီဂန် မဖမ်းနိုင်ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ ဧရိယာထဲ ဆွဲဝင်လာတဲ့ ကာမာဗင်ဂါကို အာရူဟိုက ဖက်ပြီးလှဲခဲ့ပေမယ့် ဒိုင်က ပြူးပြဲကြည့်ပြီးမှ ပင်နယ်တီ မပေးဘဲ ကူသွားခဲ့ပြီး ဘာစီလိုနာတို့ဖက် လိုက်သွားခဲ့သလို အိမ်ရှင်တွေအနေနဲ့ ရူဒီဂါနဲ့ အလာဘာတို့ ကီးမကိုက်ဘဲ အိုးနင်းခွက်နင်းဖြစ်နေတဲ့ ရီးရဲလ်ခံစစ်ကို ထိုးဖောက်နိုင်ခဲ့ပေမယ့် အဆုံးသတ်တွေကတော့ ချူချာလွန်းနေခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့အထိ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ရီးရဲလ်တို့ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ကာဗာဟယ်လ် ဖြတ်တင်ပေးတာကို မိုဒရစ်ချ်က ဖမ်းတားရာမှာ မသေသပ်ခဲ့လို့ ပြန်ထွက်သွားခဲ့တဲ့ ဘောလုံးကို ဂိုးရှေ့ကို ကျလာရာမှာ အလိုက်သင့် ပြေးဝင်နိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ကပဲ ဂိုးသမား တာစတီဂန်နဲ့ အနီးကပ် ကန်သွင်းနိုင်ခဲ့တာကြောင့် နူးကမ့်ပရိသတ်တွေ ငြိမ်သက်သွားခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ စပိန်နိုင်ငံရဲ့ ကလပ်စစ် အယ်လ်ကလာစီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဇီဒန်းရဲ့ နံပါတ် ၅ နဲ့ ဇီဒန်းထက်တောင် ပိုကောင်းနေသလားလို့ မေးရတော့မယ့် အသက် ၂၀ အရွယ် ဘယ်လင်ဂမ်ရဲ့ သွင်းဂိုးတွေနဲ့ အစဉ်အလာပြိုင်ဘက်ကို တောက်ချနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post မင်းတို့မှာ ဘယ်လင်ဂမ်ရှိလားလို့ မေးပြီး ဘာဆာကို နောက်ကနေ ကြိတ်တဲ့ ရီးရဲလ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post