စိတ်ပျက်စရာ ခံစစ်လူထုတ်ပုံနဲ့ ဒေါ့မွန်ကို အရှုံးပေးခဲ့ရတဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်တို့အနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ လာဆယ်လက်စ်၊ ရှားနဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ လောင်းစတပ်ဖ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဒေါ့မွန်တို့ကတော့ ဂိုးသမား ကိုဘယ်လ်၊ ခံစစ်မှာ ဟမ်းမဲလ်၊ ရှလော့တာဘက်ခ်၊ ဝုလ်ဖ်နဲ့ ဘင်ဆီဘိုင်နီတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အမ်မရီချန်၊ ဆာဘစ်ဇာနဲ့ ဘိုးတော် မာကို ရွိုက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ နမီချာ၊ မာလန်နဲ့ ဖူးလ်ခရပ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

နည်းပြ အက်ဒီဟောင်းအနေနဲ့ ဒီနေ့မှာ မှားယွင်းတဲ့ ခံစစ်ကစားပုံကို အသုံးပြုခဲ့ပြီး ဘယ်အတွင်းလူ ဘော့တ်မန် မကစားနိုင်ချိန်မှာ ရှားကို ဒန်ဘန်းနဲ့ ပြန်တွဲပြီး ဘယ်နောက်ခံလူတစ်ယောက် ထပ်ထည့်ရမယ့်အစား ပြီးခဲ့တဲ့ ရာသီမှာ ၂၁၄ မိနစ်သာ ကစားခွင့်ရထားတဲ့ အရန်ခုံက ကလပ်ကပ္ပတိန် လာဆယ်လက်စ်ကို ထည့်သွင်းခဲ့ရာမှာ ခံစစ်ပိုင်းက ရိုးအလွန်းနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ အီဆက်ခ် နာသွားခဲ့လို့ ဝီလ်ဆန်နဲ့ စောစောစီးစီး လူစားလဲခဲ့ရပြီး တိုနာလီ မပါတဲ့ ကွင်းလယ်ကလည်း ဖန်တီးမှုတွေ သိပ်ပြီး မလုပ်နိုင်ခဲ့တာကြောင့် အလွဲလွဲအချော်ချော်တွေ များနေခဲ့ချိန်မှာ ပုံမှန် မဟုတ်တဲ့ ရှားက ဘယ်ဘက် ပြောင်းကစားတဲ့ ခံစစ်ကလည်း တော်တော်လေး စုတ်ပြတ်နေခဲ့လို့ နစ်ခ် ပုပ်သာ မကယ်ရင် စောစောစီးစီး သုံးဂိုးလောက် အနည်းဆုံး ပေးရနိုင်ခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဒေါ့မွန်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဆူပါမန်းအထာနဲ့ ဘယ်တောင်ပံကနေ ညာတောင်ပံကို ဖြတ်ဆွဲပေးဖို့ ကြိုးစားတဲ့ ဂေါ်ဒန်ဆီကနေ ရှလော့တာဘက်ခ်က ကွင်းလယ်မှာ ဖြတ်တားပြီး မာကို ရွိုက်စ်နဲ့ ဝမ်းတူးရိုက်ပြီးမှ တောင်ပံကို အတွင်းကို ချိုးအပေးမှာ နမီချာက ဧရိယာထိပ်ကနေ ပိတ်သွင်းနိုင်ခဲ့လို့ ကံကောင်းနေတဲ့ ငှက်ကျားတွေ ဒီတစ်ကြိမ်မှာ ရိုက်ချက်စားခံခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းကို ဒေါ့မွန်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြသလို ဒုတိယပိုင်းမှာတော့ နယူးကာဆယ်လ်တို့ ဖွင့်တိုက်ခဲ့ပေမယ့် အပိုင်ကန်ခွင့် ရရှိခဲ့တဲ့ ဝီလ်ဆန်က ဂိုးသမားတည့်တည့်ပဲ ကန်ခဲ့ပြီး ခေါင်းတိုက်ချက်တစ်ကြိမ်ကလည်း ဘားမှန်ခဲ့ကြောင့် တိုနာလီ၊ ဝီလော့ခ်၊ တားဂက်နဲ့ မာဖီတို့ ဝင်လာခဲ့ပေမယ့်လည်း မကယ်နိုင်တော့ဘဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာပါ။

ပွဲအပြီးမှာတော့ ဒေါ့မွန်တို့ကို တစ်လုံးတည်းသော ဂိုးနဲ့ အရှုံးပေးလိုက်ရတဲ့ နယူးကာဆယ်လ်တို့အနေနဲ့ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ တီးပြီး ရယူထားနိုင်ခဲ့တဲ့ အုပ်စုတွင်း အားသာချက်ကို လွှင့်ပစ်လိုက်ရပြီဖြစ်သလို အုပ်စု(F)ကိုတော့ တစ်ဖက်မှာ အေစီမီလန်ကို သုံးဂိုးပြတ် အနိုင်ယူခဲ့တဲ့ ပါရီသားတွေက ပြန်လည်ဦးဆောင်သွားခဲ့ချိန်မှာ ငှက်ကျားတွေကတော့ အဆင့် ၃ ကို ဆင်းပေးလိုက်ရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post စိတ်ပျက်စရာ ခံစစ်လူထုတ်ပုံနဲ့ ဒေါ့မွန်ကို အရှုံးပေးခဲ့ရတဲ့ နယူးကာဆယ်လ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post