နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ အန်ဒါဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဟာဗီ ဘန်းစ်နဲ့ ဝီလ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကတော့ ဂိုးသမား ဖိုဒါရင်ဟမ်၊ ခံစစ်မှာ အာမက်ဟော့ဂျစ်ချ်၊ အီဂန်နဲ့ ရောဘင်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဗီနီးရှပ်စ် ဆူဇာ၊ နော်ဝုဒ်၊ ဟေမာ၊ ဘိုဂယ်လ်နဲ့ သောမတ်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မက္ကာတီးနဲ့ အာချာတို့ကို တွဲဖက်ပေးခဲ့တာပါ။
ချန်ပီယံလိဂ်မှာ အေစီမီလန်နဲ့ပွဲက ကစားပုံက အထင်ကြီးစရာ မရှိခဲ့လို့ မန်စီးတီးကိုတောင် အသည်းအသန်လုပ်ထားခဲ့တဲ့ ရှက်ဖီးလ်ဒ်တို့ကွင်းမှာ ငှက်ကျားတွေ ဂိုးပြတ်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပေမယ့် သူတို့တွေအနေနဲ့ ထင်တာထက် ပိုကောင်းနေခဲ့ကြပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ ဒဏ်ရာကြောင့် ဂေါ်ဒန်နဲ့ လူလဲခံခဲ့ရတဲ့ ဘန်းစ်ကတော့ ရှစ်ဂိုး စတုဒီသာမှာ ပါဝင်ခွင့် မရဘဲဖြစ်ခဲ့ရပါတယ်။
ပွဲချိန် ၂၁ မိနစ်မှာ နယူးကာဆယ်လ်တို့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဒန်ဘန်း မြှောက်ပေးတဲ့ လက်ပစ်ဘောကနေ ဂေါ်ဒန်က ရယူပြီး ဂိုးစည်းနားမှာ တစ်ချက်ပြန်ခေါက်ပြီးမှာ ဂိုးရှေ့ကို ချိုးပေးခဲ့ရာမှာ လောင်းစတပ်ဖ်က ဘယ်ခြေနဲ့ အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာကြောင့် ဧည့်သည် ငှက်ကျားတွေ စတင်ဦးဆောင်ခဲ့တာပါ။
ပွဲချိန် ၃၁ မိနစ်မှာတော့ ငှက်ကျားတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ထရစ်ပီယာက ကန်တင်ပေးခဲ့ရာမှာ ရှက်ဖီးလ်ဒ်နောက်ခံလူတွေ မဖျက်နိုင်ဘဲ ကျော်ကျလာတဲ့ ဘောလုံးကို အဝေးတိုင်ဘက်မှာ စောင့်နေတဲ့ ဒန်ဘန်းက ဒိုက်ဗင်ထိုးပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၃၅ မိနစ်မှာလည်း ငှက်ကျားတွေပဲ တည်ကန်ဘောကနေ တတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြန်သလို ဒီဂိုးကိုတော့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ ထရစ်ပီယာကပဲ ဖြတ်တင်ပေးခဲ့ရာမှာ နောက်ခံလူ ဘော့တ်မန်က ရှက်ဖီးလ်ဒ်နောက်ခံလူတွေကြားကနေ မြေထောက်ခေါင်းတိုက်ချက်နဲ့ ဂိုးသမား ဖိုဒါရင်ဟမ်ကို အနိုင်ယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။
ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာ နယူးကာဆယ်လ်တို့အတွက် စတုတ္ထဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဆွဲတက်လာခဲ့တဲ့ ရှားရဲ့ ညာတောင်ပံကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ထရစ်ပီယာက ဂိုးရှေ့ကို အသာမ,တင်ပေးခဲ့ရာမှာ မာကင်လွတ်နေခဲ့တဲ့ တိုက်စစ်မှူး ဝီလ်ဆန်က အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၆၁ မိနစ်မှာတော့ ပဉ္စမမြောက်ဂိုးကို နယူးကာဆယ်လ်တို့ ဆက်လက်သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာခဲ့တဲ့ အန်ဒါဆန်က ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာ ဂေါ်ဒန်က အတွင်းကို ပြန်ဆွဲဝင်ပြီး ဧရိယာထိပ်ကနေ အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းခဲ့တာက ဂိုးသမား ဖိုဒါရင်ဟမ် ကာကွယ်ပုံနောက်ကျနေခဲ့တာကြောင့် ဂိုးဖြစ်သွားခဲ့တာပါ။
ပွဲချိန် ၆၈ မိနစ်မှာတော့ ဒီလောက်တောင် ဂိုးတွေ ပေါပေါများများ ရနေချိန်မှာ သူလည်း ပါမှဖြစ်မယ်ဆိုပြီး ဂိုးပေါက်ပျောက်တာ ကြာနေတဲ့ အယ်လ်မီရွန်က ပါဝင်အားပေးနိုင်ခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘရူနို ဂီမာရိုင်းစ်နဲ့ အပေးအယူလုပ်ပြီး ရှက်ဖီးလ်ဒ်ခံစစ်ကို ကျော်ဖြတ်သွားခဲ့တဲ့ ပါရာဂွေးသားက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၃ မိနစ်မှာတော့ ငှက်ကျားတွေပဲ သတ္တမမြောက်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ဝီလ်ဆန်အစား ဝင်လာခဲ့တဲ့ အီဆက်ခ်ကို တားဆီးရင်း ဧရိယာထဲမှာ ပြန်ထွက်လာတဲ့ ဘောလုံးကို လောင်းစတပ်ဖ်က ကန်သွင်းခဲ့တာက ရှက်ဖီးလ်ဒ်ခံစစ်နဲ့ ထိပြီး ညာဘက်ကို ကျလာခဲ့တဲ့ ဘောလုံးကို ဘရူနို ဂီမာရိုင်းစ်က ထပ်ဆင့်ကန်သွင်းယူသွားခဲ့တာပါ။
ပွဲချိန် ၈၇ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အဋ္ဌမမြောက်သွင်းဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ရှက်ဖီးလ်ဒ်ခံစစ်က နောက်ပြန် ခေါင်းတိုက်ပေးတာကို ဖြတ်ယူနိုင်ခဲ့တဲ့ အီဆက်ခ်က လျှောထိုးပိတ်ဆို့ဖို့ ကြိုးစားတဲ့ ရော်ဘင်ဆန်ကို တစ်ချက်ခေါက်ပြီးမှ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ပြီး ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က ရှက်ဖီးလ်ဒ်တို့ကို ရှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး သူတို့တွေရဲ့ ဂိုးသွင်းအမြင့်ဆုံးစံချိန်နဲ့ တူညီတဲ့ မှတ်တမ်းကို ထပ်မံရရှိသွားခဲ့ကြသလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အဆင့် ၈ နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ ရှက်ဖီးလ်ဒ်တို့ကတော့ ရမှတ် ၁ မှတ်၊ ဂိုးကွာခြားချက် အနုတ် ၁၂ နဲ့ ဘန်လေရဲ့အောက် အဆင့် ၂၀ ကို ထိုးဆင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ကပ်နိုင်ရုံပဲလို့ ထင်တဲ့ပွဲမှာ ရှက်ဖီးလ်ကို ရှစ်ဂိုးသွတ်လိုက်တဲ့ နယူးကာဆယ်လ် first appeared on Sports A2Z.
Your new digest 50
Post a Comment