ဟားလန်း ဟက်ထရစ်နဲ့ ဖူလ်ဟမ်ကို နင်းချေပြီး နိုင်ပွဲဆက်ဆဲ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်၊ အာကန်ဂျီနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ကိုဗာချစ်ချ်နဲ့ ဖိုဒန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒိုကူး၊ အယ်လ်ဗာရက်ဇ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ဖူလ်ဟမ်တို့ကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ တင်မ် ရင်းမ်၊ ဒီယော့ပ်၊ တီတီနဲ့ ရော်ဘင်ဆန်တို့ကို စုဖွဲပေးလာခဲ့ပြီး ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ကဲရ်နီ၊ ပါရဲရား၊ ဝီလ်ဆန်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရာအူးလ် ဟီမီနက်ဇ်ကို အထောင်ထားခဲ့တာပါ။

ပယ်လင်ညာ ပါမလာတဲ့ ဖူလ်ဟမ်ကွင်းလယ်က မန်စီးတီးတို့အတွက်တော့ ကလေးကစားစရာပဲဖြစ်နေခဲ့တာကြောင့် ပွဲစကတည်းက ထိန်းချုပ် ကစားသွားနိုင်ခဲ့ကြပြီး နှစ်သင်းစလုံးအနေနဲ့ မဖြစ်သင့်တဲ့ အမှားတချို့ကို ကျူးလွန်နေခဲ့လို့သာ ပွဲက ပြတ်မသွားခဲ့ဘဲ ရင်ခုန်စရာတချို့ ကျန်နေခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကိုဗာချစ်ချ်က ဧရိယာထဲ ခင်းပေးရာမှာ ဟားလန်းက သူ့ကို ကပ်ထားတဲ့ ဒီယော့ပ်ကို ခွာထွက်ပြီး ထောင့်ကျဉ်းအနေအထားကနေ မကန်တော့ဘဲ ဂိုးရှေ့ကို အနိမ့်ဘော ပြန်ချိုးပေးရာမှာ အယ်လ်ဗာရက်ဇ်က အပိုင်ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာ ဖူလ်ဟမ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ပါရဲရားက အနီးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ ရာအူးလ် ဟီမီနက်ဇ်က Volley ကန်သွင်းခဲ့တာက ဂိုးသမား အီဒါဆန် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဂိုးရှေ့မှာ ရှိနေတဲ့ နောက်ခံလူ ရင်းမ်က အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယအကြိမ် ထပ်မံ ဦးဆောင်သွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကနေ ဖိုဒန် ဖြတ်တင်ပေးရာမှာ နေရာယူပုံ ညံ့ဖျင်းလွန်းနေခဲ့တဲ့ ဖူလ်ဟမ်ခံစစ်ကြောင့် အာကေက မြေထောက်ပြီး လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခဲ့ရာမှာ ဘောလုံး လမ်းကြောင်းရှေ့က အာကန်ဂျီ ပိတ်ဆို့နေခဲ့ပြီး ရှောင်ပေးခဲ့ရပေမယ့် လူကျွံအနေအထားကို VAR က မျက်နှာလိုက်စွာနဲ့ ဂိုးပေးသွားခဲ့တာပါ။

ပထမပိုင်းကို မန်စီးတီးတို့က နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ကြပြီး ဖူလ်ဟမ်တို့ကတော့ ပေးလိုက်ရတဲ့ ဂိုးကြောင့် ဒေါသထွက်ပြီး တည်ငြိမ်မှု ပျက်ပြားသွားခဲ့သလို အဝေးကွင်းမှာ အမှားစောင့်ကစားဖို့ထက် စိတ်လှုပ်ရှားတဲ့ ပုံစံနဲ့ နည်းပြ မာကို ဆေးလ်ဗားကလည်း ဂွါဒီယိုလာ ကြီးကြပ်မှု မရှိတဲ့ အသင်းကို ဒုက္ခပေးဖို့ မတတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရိုဒရီ ပေးတာကို အယ်လ်ဗာရက်ဇ်က တစ်ချက်ထိနဲ့ ဧရိယာထဲကို ချပေးရာမှာ ဖူလ်ဟမ်နောက်ခံလူတွေ မရှင်းထုတ်နိုင်ဘဲ ကျလာခဲ့တဲ့‌ ဘောလုံးကို ဟားလန်းက ဂိုးသမား လီနိုနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာ မန်စီးတီးတို့ စတုတ္ထ အနိုင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသွင်းဖို့ ကြိုးစားတဲ့ အယ်လ်ဗာရက်ဇ်ကို နောက်ကနေ ခြေထိုးခံမိတဲ့ ဒီယော့ပ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟားလန်းက လီနို ဒိုက်ပစ်တဲ့ ဘယ်ဘက်နဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ မန်စီးတီးတို့ဘက်က ရိုဒရီ၊ ဒိုကူး၊ ကိုဗာချစ်ချ်နဲ့ အယ်လ်ဗာရက်ဇ်တို့အစား ဘာနာဒို ဆေးလ်ဗား၊ ကယ်လ်ဗင် ဖိလစ်၊ ဆာဂျီယို ဂိုမက်ဇ်နဲ့ ရီကို လူးဝစ္စတို့ကို လဲကစားခဲ့ကြပြီး ဖူလ်ဟမ်တို့ကတော့ တီတီ၊ ဒီကော်ဒိုဗာ-ရိဒ်၊ ဟီမီနက်ဇ်နဲ့ ဝီလ်ဆန်တို့အစား ကက်စတာညာ၊ ဝီလီယန်၊ မြူနစ်ဇ်နဲ့ အဒါမာ ထရာအိုရေးတို့ကို ထည့်သွင်းသွားခဲ့တာပါ။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ပဉ္စမမြောက်ဂိုးကို သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ အာရုံစိုက်မှု လျော့ကျနေတဲ့ ဖူလ်ဟမ်ခံစစ်ကို အငိုက်ဖမ်းနိုင်ခဲ့တဲ့ ဆာဂျီယို ဂိုမက်ဇ်က ဘယ်တောင်ပံကနေ အနိမ့်ဘော ချိုးပေးခဲ့ရာမှာ နောက်ခံလူ ၈ ယောက်လောက်ရှိနေတဲ့ကြားက ထွက်လာတဲ့ ဘောလုံးကို ဟားလန်းက ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းပြီး ဟက်ထရစ်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဖူလ်ဟမ်တို့ကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လေးပွဲကစား လေးပွဲနိုင် ရမှတ် ၁၂ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရာနှုန်းပြည့်ရလဒ်နဲ့ ဆက်လက်ဦးဆောင်နိုင်ဆဲဖြစ်သလို ရှေ့က ပွဲမှာ စပါးစ်တို့အတွက် ဟက်ထရစ်သွင်းခဲ့တဲ့ ဆွန်ဟောင်မင်ကိုလည်း ဟားလန်းက ချက်ချင်းပဲ တုံ့ပြန်ပြနိုင်ခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ဟားလန်း ဟက်ထရစ်နဲ့ ဖူလ်ဟမ်ကို နင်းချေပြီး နိုင်ပွဲဆက်ဆဲ မန်စီးတီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post