မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ မေဆန်မောင့်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ဝုလ်ဗ်စ်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်း၊ ဆီမီဒိုနဲ့ အိုက်နူရီတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ လီမီနာ၊ မက်သီယူးစ် နူးနက်စ်နဲ့ ဂျာအို ဂိုမက်စ်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ နီတို၊ ဆာရားဘီးယားနဲ့ ကွန်ညာတို့ကို ကစားစေခဲ့တာပါ။
နှစ်သင်းစလုံးအနေနဲ့ ဒီနေ့မှာ ကစားကွက်နဲ့ အချိန်ယူကစားဖို့ထက် ဘောလုံးရတာနဲ့ ကွင်းလယ်မှာ တစ်ချက်နှစ်ချက် အမြန်တည်ပြီး တိုက်စစ်ကို သွားခဲ့ကြသလို ဖန်တီးမှုပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ကတောင် ပိုမိုကောင်းမွန်နေတဲ့အတွက် ဘရူနို ဖာနန်ဒက်စ်တို့အဖွဲ့ ရုန်းကန်ခဲ့ရပြီး အဖျက်ကစားတဲ့ ကာစီမီရိုကပါ အရင်ပွဲတွေလောက် မကောင်းတာကြောင့် အလယ်အူကြောင်းက ကွန်ညာရဲ့ မကြာခဏ ထိုးဖောက်မှုတွေကို မြင်ခဲ့ရပါတယ်။
မန်ယူတို့ဘက်က ဖန်တီးမှုတွေ အားနည်းနေခဲ့ချိန်မှာ ဝုလ်ဗ်စ်တို့ကတော့ ကောင်တာတွေကနေ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ရှေ့တန်းသုံးဦးမှာ ကွန်ညာရဲ့ ခြေစွမ်းမျိုးနဲ့ အားထုတ်မှုမျိုးက ကျန်နှစ်ဦးမှာ ရှိမနေခဲ့သလို နီတိုက ဆုံးဖြတ်ချက်တွေ တုံ့ဆိုင်းနေခဲ့ချိန်မှာ ဆာရားဘီးယားကတော့ စုတ်ပြတ် ပျက်စီးနေခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ သက်သာခွင့်ရခဲ့ပြီး ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း ဝုလ်ဗ်စ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကပဲ ပိုရင်ခုန်စရာကောင်းခဲ့ပြီး ဆာရားဘီးယားအစား ဟွမ်းဟီးချန်းကို နည်းပြ အိုနီးလ်က စထည့်ခဲ့သလို ပိုပြီး သွက်သွက်လက်လက် ကစားနိုင်ခဲ့ကြပေမယ့် Final Third မှာ ပေးပို့မှုတွေနဲ့ နီတိုရဲ့ ပြတ်ပြတ်သားသား အလုပ်မလုပ်နိုင်မှုတွေက အိမ်ရှင်တွေနဲ့ ဂိုးသမား အိုနာနာတို့ကို ဆက်လက်ကံကောင်းနေစေခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၆ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်က ညာတောင်ပံကို တင်ပေးခဲ့တဲ့ ဘောလုံးကို ဝန်ဘစ်ဆာကာက ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဝုလ်ဗ်စ်နောက်တန်းတွေပေါ်ကနေ မ,တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်ကို ပြေးဝင်ခဲ့တဲ့ နောက်ခံလူ ဗာရွန်းက ခေါင်းတိုက်သွင်းနိုင်ခဲ့ပြီး ရှေ့က ရတဲ့ ထောင့်ကန်ဘောကနေ ပြန်မဆင်းရသေးတာက ကွက်တိဖြစ်သွားခဲ့တာပါ။
ဒီနောက်မှာတော့ ဝုလ်ဗ်စ်တို့ဘက်က ကွန်ညာနဲ့ အိုက်နူရီတို့အစား ဖာဘီယို ဆေးလ်ဗားနဲ့ ဘွေနိုတို့ကို လဲကစားခဲ့သလို မန်ယူတို့ဘက်ကတော့ အန်တိုနီနဲ့အစား ပလစ္စထရီကို လဲကစားခဲ့ပြီး လူစားဝင် ဖာဘီယို ဆေးလ်ဗားရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကို အိုနာနာနဲ့ ခံစစ်က ကာကွယ်နိုင်ခဲ့သလို အိမ်ရှင်တွေကတော့ ခံစစ်ကိုပဲ အားပြုခဲ့တာဖြစ်ပါတယ်။
နာကျင်အချိန်ပိုမှာတော့ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ကာလိုင်ဂျစ်ချ်ကို တိုင်မင်မကိုက်ဘဲ လက်နဲ့ဆွဲရိုက်ချမိခဲ့တဲ့ ဂိုးသမား အိုနာနာကြောင့် ဝုလ်ဗ်စ်တို့ ပင်နယ်တီတောင်းခဲ့ကြပေမယ့် ထုံးစံအတိုင်း ဂိတ်ရဲ့ ဒေါသကို ရင်ဆိုင်ရဲပုံ မရတဲ့ ဒိုင်လူကြီး ဟူးပါးနဲ့ VAR တို့က ပယ်ချသွားခဲ့သလို ပေါက်ကွဲခဲ့တဲ့ နည်းပြ အိုနီးလ်ကိုပါ အဝါကတ်ပြခဲ့သေးတာကြောင့် မန်ယူတို့ရဲ့ လုပ်နေကျ အကွက်တွေကို Same Old, Same Old လို့ ဝိုင်းဝန်းလှောင်ပြောင်စရာပဲဖြစ်ခဲ့ရတာပါ။
ပွဲချိန်အပြည့်မှာတော့ ဗာရွန်းရဲ့ အဖိုးတန်သွင်းဂိုး၊ အိုနာနာရဲ့ ကံကောင်းမှုနဲ့ အရှက်နည်းပြီး လက်ရဲမှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက်တို့က ဝုလ်ဗ်စ်တို့ကို တစ်လုံးတည်းသော ဂိုးနဲ့ ကျားကုတ်ကျားခဲ အောင်ပွဲခံနိုင်ခဲ့ကြသလို အိမ်ကွင်းမှာ အဖွင့်မလှဖြစ်ရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့ကြပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၇ မှာ ကံကောင်းခြင်းများစွာနဲ့ ရပ်တည်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post အရှက်နည်းပြီး လက်ရဲတဲ့ အိုနာနာကြောင့် ဝုလ်ဗ်စ်ကို နိုင်ပွဲရခဲ့တဲ့ လပ်ကီးဆဲဗင်း မန်ယူ first appeared on Sports A2Z.
Your new digest 50
Post a Comment