ဂန်းနားကြယ်ပွင့်က ကမ္ဘာ့အဆင့်ဖြစ်လာနိုင်ပါ့မလားလို့ မေးခွန်းထုတ်ခဲ့တဲ့ ဆောင်းနက်စ်

ဂရေမီ ဆောင်းနက်စ်က ဒီကလန် ရိုက်ဟာ အာဆင်နယ်အတွက် လာမယ့်ဆယ်စုနှစ်တစ်ခုအတွင်း ကြီးမားတဲ့ကစားသမားဖြစ်လာနိုင်တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း ကမ္ဘာ့ဘောလုံးလောကမှာ ကြီးကျယ်ခမ်းနားတဲ့ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ပါ့မလားဆိုတာကို သံသယဖြစ်နေပါတယ်။

ဒီကလန် ရိုက်ဟာ စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာတီတာရဲ့အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အာဆင်နယ်က ယခုနွေရာသီအစောပိုင်းမှာ ဝက်စ်ဟမ်းကနေ အင်္ဂလန်ကွင်းလယ်လူကို ပေါင်သန်း ၁၀၀ ကျော်သုံးစွဲပြီး ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

ဆောင်းနက်စ်က ပရီးမီးယားလိဂ်သမိုင်းမှာ စျေးအကြီးဆုံးဝယ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ ဒီကလန် ရိုက်က လာမယ့်ဆယ်စုနှစ်အတွင်း ဂန်းနားတွေအတွက် ပါဝင်ကစားပေးရင်း ၎င်းအတွက် ပေးရတဲ့စျေးနဲ့ တန်တဲ့ ခြေစွမ်းကို ပြသမယ်လို့ ယုံကြည်နေပေမယ့် ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားဖြစ်လာဖို့အတွက် သွင်းဂိုးတွေနဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်မယ့် ပါးနပ်တဲ့ ပေးပို့မှုတွေ လိုအပ်ဦးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒီကလန်က အရမ်းကောင်းတဲ့ကစားသမားလား။ မဟုတ်သေးပါဘူး။ ဒါပေမယ့် သူက ဖြစ်တော့ဖြစ်လိမ့်မယ်။ တကယ်လို့ သူသာ ဒီအရေးပါတဲ့ အရာ ၂ ခုကို တိုးတက်အောင် လုပ်နိုင်ရင် ကမ္ဘာ့အဆင့်ကွင်းလယ်လူဖြစ်လိမ့်မယ်။ ပထမဆုံးအနေနဲ့ သူဂိုးတွေ ပိုသွင်းယူဖို့ လိုတယ်။ သူ စိတ်ချရတဲ့ ပေးပို့မှုတွေအစား တခြားလူတွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ဖို့ ပိုပြီး တိကျပြီး ပါးနပ်တဲ့ပေးပို့မှုလုပ်ရမယ်။ ဒါတွေက နည်းပြပေးလို့ ရနိုင်တဲ့အရည်အသွေးတွေလားဆိုတာ ကျွန်တော် မသေချာပါဘူး။ ပရီးမီးယားလိဂ်မှာ အခုအချိန်အထိတော့ ဒီကလန် ရိုက်က တစ်ရာသီပျမ်းမျှ သွင်းဂိုး ၂ ဂိုးလျော့နည်းပြီး ဂိုးဖန်တီးမှုမှာလည်း ၂ ဂိုးပိုမိုလျော့နည်းတယ်။ သူက အခု ပိုကောင်းတဲ့ကစားသမားတွေကြားထဲမှာ ကစားနေရပြီဖြစ်တာကြောင့် အဲဒါတွေကို တိုးတက်အောင် လုပ်နိုင်စွမ်းရှိပေမယ့် ခံယူချက်က ပြဿနာဖြစ်နိုင်တယ်လို့ ထင်ပါတယ်”

“သူက အရမ်းကောင်းကောင်း လုပ်နိုင်နေတဲ့ သူ့ခံစစ်တာဝန်တွေကို ထမ်းဆောင်ရတာ ပျော်ရွှင်နေပုံပေါ်တယ်။ ဒါပေမယ့် အဲဒါက ကွင်းလယ်ကစားသမားဖြစ်ရခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။ အာဆင်နယ်က ဝက်စ်ဟမ်းနဲ့ ယှဉ်ရင် တိုက်စစ်ဆင်တဲ့အချိန်က ပိုများတယ်။ ရိုက်က ဂိုးကနေ ၂၅ ကိုက်အကွာမှာ လှည့်ပတ်ကစားနေရမယ်။ သူ ဘောလုံးရတဲ့အခါမှာ ဂိုးပေါက်ထဲကို ကန်သွင်းရမယ်။ သူ့အနေနဲ့ ငါက ဂိုးသမားကို ဒီကနေ အလုပ်ပေးနိုင်လောက်တဲ့အထိ ကောင်းတဲ့သူလို့ တွေးရမယ်။ သူ အဲဒါကို လုံလောက်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါက သူတိုးတက်အောင်လုပ်ရမယ့်နေရာဆိုတာ သိသာပါတယ်။ ဒီနေရာမှာ သူ့ရဲ့ ခံယူချက်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်ပြောခဲ့တဲ့ကိစ္စက ပြန်လာပြီ။ အာတီတာက သူ့ကို ခံစစ်ပိုင်းအရ ဘာလုပ်ဖို့လိုလဲဆိုတာကို ပြောဖို့ ၅ မိနစ်ထက်ပိုပြီး အချိန်ဖြုန်းမှာမဟုတ်ပါဘူး။ သူက ခံစစ်ပိုင်းမှာ အကုန်သိထားပြီးသားပါ”

“သူက တနေ့ကျ ဗဟိုခံစစ်ကစားသမားတောင် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် အခုတော့ သူ့ရဲ့ ကစားအားနဲ့အတူ ကွင်းလယ်မှာ သုံးတာ အကောင်းဆုံးပါပဲ။ ဒါက သူ့ရဲ့ ကစားသမားဘဝရှေ့ရေးအတွက် ဆွေးနွေးမှုပါ။ အာဆင်နယ်က သူ့ကို ကွင်းလယ်ကစားသမားအဖြစ် ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒါကြောင့် အာတီတာက သူ့ကို အဆုံးအဖြတ်ပိုပေးနိုင်အောင်နဲ့ တိုက်စစ်မှာ အညှာအတာပိုကင်းမဲ့တဲ့ကစားသမားဖြစ်လာဖို့နဲ့ ဂိုးခြိမ်းခြောက်မှုတစ်ခုဖြစ်လာဖို့ လုပ်ဆောင်ရမှာပါ။ ဒါက အာဆင်နယ်ပဲ။ သူတို့တွေ မန်စီးတီးကို စိန်ခေါ်ပြီး လိဂ်ဖလားရချင်တယ်။ ခင်ဗျားအဲဒါကို သွင်းဂိုးတွေ သွင်းယူနိုင်တဲ့ ကွင်းလယ်ကစားသမားတွေမရှိဘဲ ရမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ ကွင်းလယ်ခံစစ်ကစားသမားတွေက ဂိုးသွင်းဖို့မလိုဘူးဆိုတဲ့ ပြောဆိုမှုတွေကို လက်မခံပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

The post ဂန်းနားကြယ်ပွင့်က ကမ္ဘာ့အဆင့်ဖြစ်လာနိုင်ပါ့မလားလို့ မေးခွန်းထုတ်ခဲ့တဲ့ ဆောင်းနက်စ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post