တစ်ယောက်သာမှ နိုင်တာ မဟုတ်ဘဲ တစ်ယောက်လျော့နဲ့ ငှက်ကျားသားစားတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ မက္ကယ်လစ္စတာနဲ့ ဆိုဘော့ဆ်လိုင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ လူးဝစ် ဒီယက်ဇ်နဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ တိုနာလီနဲ့ ဂျိုလင်တန်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ကစားစေခဲ့တာပါ။

လီဗာပူးလ်တို့ရဲ့ အသားမကျသေးတဲ့ ကွင်းလယ်ကို နယူးကာဆယ်လ်တို့က လျင်မြန်တဲ့ အဝင်အထွက်တွေနဲ့ ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်ကတော့ အချိန်ဆွဲလို့ အဝါထိပြီးချိန်မှာ ဂေါ်ဒန်ကို နောက်က တွန်းချခဲ့လို့ နှစ်ဝါနဲ့ အထုတ်ခံခဲ့ရသင့်ပေမယ့် ဒိုင်လူကြီး ဂျွန်ဘရွတ်ခ်စ်က ပက်ပက်စက်စက် သက်ညှာသွားခဲ့လို့ အိမ်ရှင်ပရိသတ်တွေ ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ စနေနေ့က အာဆင်နယ်နဲ့ပွဲက ဆာကာကြောင့် ပေးလိုက်ရသလိုမျိုးပဲ ညာတောင်ပံက ဆာလားက နောက်ပြန်ပေးရာမှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်က လွတ်ထွက်သွားတဲ့ ဘောလုံးကို ဂေါ်ဒန်က လိုက်လံ ရယူပြီး ဂိုးသမား အယ်လစ်ဆန်ရဲ့ ပေါင်ကြားထဲက ကန်ထည့်သွားခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာတော့ အီဆက်ခ်ကို ဘောလုံးရော လူရော သိမ်းရိုက်ရာမှာ ကံဆိုးပြီး ဘောလုံးထက် လူကို အရင်ထိခဲ့တဲ့ Last Defender ဗန်ဒိုက် တိုက်ရိုက် အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရလို့ လီဗာပူးလ်တို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပေမယ့် နယူးကာဆယ်လ်တို့ကတော့ ဒါကို အခွင့်အရေး မယူနိုင်ခဲ့ဘဲ ဖြုန်းတီးမှုတွေပဲ ဆက်တိုက်ပြုလုပ်နေခဲ့ပါတယ်။

အက်ဒီဟောင်းရဲ့ အဖျက်စစ် မရှိတဲ့ နယူးကာဆယ်လ် ကွင်းလယ်သုံးယောက်မှာ တိုနာလီက ဘောလုံးကို ဖြန့်ချင်သလိုဖြန့်၊ ဂီမာရိုင်းစ်က ရှေ့လိုလို နောက်လိုလိုနဲ့ မကြာခဏလွဲနေပြီး ဂျိုလင်တန်ရဲ့ ကစားပုံကတော့ ဗြဲလယမ်းနိုင်လွန်းတာကြောင့် လီဗာပူးလ်တို့ လွယ်လွယ်ကူကူပဲ ပိတ်ဆို့နိုင်ခဲ့ကြပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဂေါ်ဒန်ရဲ့ ဖြုန်းတီးမှုတွေနဲ့ အယ်လ်မီရွန်ရဲ့ အလွဲတွေက အီဆက်ခ်ကို အထီးကျန်စေခဲ့တာကြောင့် နယူးကာဆယ်လ်တို့ တိုင်ပတ်နေချိန်မှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကတော့ Jack of All Trades ဂက်ခ်ပိုနဲ့ အန်ဒိုအစား ဂျိုတာနဲ့ အဲလီးယော့ကို ထည့်ခဲ့တာကြောင့် ကောင်တာတွေမှာ ငှက်ကျားတို့ မျက်လုံးပြူးခဲ့တာဖြစ်ပါတယ်။

ဒါကို တုံ့ပြန်ဖို့ တိုနာလီ၊ ဂေါ်ဒန်နဲ့ အီဆက်ခ်အစား လောင်းစတပ်ဖ်၊ ဟာဗီ ဘန်းစ်နဲ့ ဝီလ်ဆန်တို့ကို အက်ဒီဟောင်းက လဲခဲ့ပေမယ့် တကယ့် ပြဿနာက ကွင်းလယ်က ဘရာဇီးလ်ဂဂျောင်နှစ်ကောင်ကြောင့်ဖြစ်ပွားနေချိန်မှာ ပွဲကို မစိုးမိုးနိုင်မှန်း သိသာလာတာကြောင့် ကြောင်ဖားကြီး ကလော့ပ်က မာတစ်ပ်နဲ့ မက္ကယ်လစ္စတာအစား ကွမ်ဆားနဲ့ နူးညက်ဇ်တို့ကို ထပ်ထည့်ပြီး ထိုးနှက်ဖို့ ကြံစည်လာခဲ့တာပါ။

အယ်လ်မီရွန် ကန်ချက် တိုင်ထိခဲ့တာနဲ့ ကောင်တာပေါက်တာကို ဂိုးရှေ့မှာ လွတ်နေတဲ့ ဝီလ်ဆန်ကို မပေးဘဲ ဖြစ်သလို ကန်ခဲ့တဲ့ ဘန်းစ်တို့ရဲ့ ဖြုန်းတီးမှုတွေက ဒီနေ့ပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး နယူးကာဆယ်လ်တို့အနေနဲ့ စုစည်းမှု မရှိဘဲ လူများပြီး ပွဲမစည်တဲ့ အသင်းကို ဘယ်သူကမှလည်း ထိန်းကျောင်းလမ်းညွှန်မှု မရှိတာကြောင့် စပြီး ဒစ်လည်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ရသွားခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဂျိုတာက ကွင်းလယ်ကနေ ခင်းပေးတာကို ဖျက်ဖို့ ကြိုးစားတဲ့ ဘော့တ်မန်ရဲ့ ခြေထောက်နဲ့ထိပြီး ပြန်ကျလာခဲ့တဲ့ ဘောလုံးကို နောက်ကနေ ပါလာခဲ့တဲ့ နူးညက်ဇ်က ညာခြမ်းဧရိယာထိပ်ကနေ အနိမ့်ဘော ထောင့်ဖြတ် ကန်သွင်းရာမှာ ဂိုးသမား နစ်ခ် ပုပ် မကာကွယ်နိုင်ခဲ့လို့ ဂိုးပြန်ပေးခဲ့ရတာပါ။

တစ်ပွဲလုံး တဒိုင်းဒိုင်း ကန်သွင်းနေပေမယ့် ဘာမှဖြစ်မလာအောင် ဖြုန်းတီးနေခဲ့တဲ့ နယူးကာဆယ်လ်တို့ စိတ်ဓာတ်ပိုင်းအရ ပြိုဆင်းသွားခဲ့ပြီး လီဗာပူးလ်တို့ရဲ့ ခံစစ်ကိုလည်း ကျော်နိုင်ဖို့ ယုံကြည်မှု မရှိခဲ့သလို သာမန်ရိုးရိုးကစားကွက်နဲ့ Work Ball into the Box ဆိုပြီး ဖြတ်တင်ဘောတွေနဲ့ လှေကြီးထိုးတွေ လုပ်နေတာကြောင့် လီဗာပူးလ်တို့က ဖျက်ထုတ်သွားနိုင်ခဲ့ကြပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာလည်း လီဗာပူးလ်တို့ပဲ တူညီတဲ့ ပုံစံနဲ့ အနိုင်ဂိုး ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကောင်တာကနေပဲ ဆာလားက ဧရိယာထိပ်ကို ခင်းပေးခဲ့ရာမှာ မဖျက်နိုင်ဘဲ တုံ့ဆိုင်းနေတဲ့ ဒန်ဘန်းကြောင့် လွတ်ထွက်သွားခဲ့တဲ့ နူးညက်ဇ်ကပဲ ပထမဂိုးကထက်တောင် ကျဉ်းတဲ့ ထောင့်ထဲကနေ ချိုးကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အခွင့်အရေးတွေကို ဖြုန်းတီးတဲ့ တိုက်စစ်၊ သူတစ်လူ ငါတစ်မင်းကွင်းလယ်မျိုးနဲ့တော့ ဘယ်အသင်းကြီးကိုမှ အနိုင်ကစားဖို့ မဖြစ်နိုင်ကြောင်းကို ဆယ်ယောက်ကျန် လီဗာပူးလ်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ ပညာပေးသွားခဲ့ကြပြီး နယူးကာဆယ်လ်တို့ကတော့ အိမ်ကွင်းမှာ မျက်နှာကို အိုးမည်းသုတ်ခံခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post တစ်ယောက်သာမှ နိုင်တာ မဟုတ်ဘဲ တစ်ယောက်လျော့နဲ့ ငှက်ကျားသားစားတဲ့ လီဗာပူးလ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post