![]()
![]()
အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ ဖာဘီယို ဗီယာရာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ နယ်လ်ဆန်၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
![]()
![]()
ဧည့်သည် စပို့တင်းလစ္စဘွန်းတို့ကတော့ ဂိုးသမား အဒန်၊ ခံစစ်မှာ အီနာစီယို၊ စိန့်ဂျုစ်နဲ့ ဒီယိုမွန့်ဒ်တို့ကို တွဲဖက်ပေးခဲ့သလို ကွင်းလယ်မှာတော့ အက်စ်ဂီယို၊ မက်သီယူးစ် ရိုင်းစ်၊ အူဂါတေနဲ့ ပက်ဒရို ဂွန်ဆာလ်ဗက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အက်ဒ်ဝပ်စ်၊ ထရင်ကာအိုနဲ့ ပေါ်လင်ညိုတို့ကို တင်ကစားလာခဲ့တာပါ။
![]()
![]()
ပွဲစစချင်းမှာ ရူဘင် အမိုရင်မ်ရဲ့ မထင်မှတ်တဲ့ Pressing ကစားဟန်ကြောင့် အာဆင်နယ်တို့ အခက်ကြုံခဲ့ရသလို ကွင်းတစ်ခြမ်းလောက်တက်ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းလောက် ယူထားတဲ့ စပို့တင်းတို့ရဲ့ ဖိကစားမှုမှာ ပျာယာခတ်ခဲ့ရသလို ပွဲကြောင်နေတဲ့ တိုမီယာစုကလည်း ကိုယ့်အရှိန် ကိုယ်မထိန်းနိုင်ဘဲ နည်းတောင်နည်းသေးတယ်ဆိုတဲ့ ပုံစံနဲ့ ဒဏ်ရာရသွားခဲ့လို့ စောစောစီးစီး ဘန်ဝှိုက်နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။
![]()
![]()
ဒီနောက်မှာမှ အာဆင်နယ်တို့ ပြန်စီးမိလာပြီး ပါတေး မပါချိန်မှာတော့ ဂျော်ဂျင်ညိုနဲ့ ချာကာတို့ရဲ့ ကွင်းလယ်အထိုင် နှေးကွေးမှုက အနည်းငယ် ပြဿနာရှိခဲ့ပေမယ့် ဂျေဆူးစ်၊ မာတီနယ်လီနဲ့ နယ်လ်ဆန်တို့လို မြန်နှုန်းမြင့် ကစားသမားတွေက ကူညီပေးနိုင်ခဲ့လို့ Cover ဖြစ်ခဲ့ပြီး စပို့တင်းတို့ကတော့ ခံစစ်ပေါ်က ကန်တင်ပြီး ကျော်ပြေးခိုင်းနေခဲ့တာပါ။
![]()
![]()
ပွဲချိန် ၁၉ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂျော်ဂျင်ညို ကန်တင်ပေးတာကို လွတ်ထွက်သွားတဲ့ မာတီနယ်လီက ဘယ်ခြမ်းက ကန်သွင်းခဲ့ရာမှာ ဂိုးသမား အဒန်က ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ထွက်လာတဲ့ ဘောလုံးကို နောက်က ပါလာတဲ့ ချာကာက အပြင်းကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။
![]()
![]()
ဂိုးရအပြီးမှာ ဒဏ်ရာရှိနေပုံရတဲ့ ဆာလီဘာအစား ဟိုးလ်ဒင်း ဝင်လာခဲ့သလို စပို့တင်းတို့ ပြန်ဖွင့်ကစားလာခဲ့ပေမယ့် အာဆင်နယ်ခံစစ်က ရှင်းထုတ်နိုင်ခဲ့ပြီး ဂျေဆူးစ်ရဲ့ ကြိုးစားထိုးဖောက်မှုက ရတဲ့ အခွင့်အရေးတွေကိုတော့ ဧည့်သည်ဂိုးသမား အဒန် လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာပါ။
![]()
![]()
ဒုတိယပိုင်းအစမှာ အာဆင်နယ်တို့ဘက်က ဂျေဆူးစ်အစား ထရော့ဆတ်ကို ထည့်ကစားခဲ့ပြီး စပို့တင်းတို့ကတော့ ပွဲစချိန်တွေမှာ ဖိကစားခဲ့တဲ့ ပုံစံကို အသုံးပြုခဲ့ရာမှာ အမြန်နှုန်းကို မလိုက်နိုင်တဲ့ ဂျော်ဂျင်ညိုက ကွင်းလယ်မှာ အားနည်းချက်သက်သက်ဖြစ်နေခဲ့သလို သူ့အစား ဟိုးလ်ဒင်းက တက်ဖျက်နေရတဲ့အထိ အခြေအနေ ဆိုးရွားနေခဲ့ချိန်မှာ နယ်လ်ဆန်ရဲ့ နေရာယူပုံကြောင့်ပါ Pressing Shape က ပျက်သလိုဖြစ်နေခဲ့ပါတယ်။
![]()
![]()
တိုက်စစ်ဆင်ရာမှာလည်း ခံစစ်ကနေ ရှေ့မတက်တော့တဲ့ ဘန်ဝှိုက်ကြောင့် ညာတောင်ပံက နယ်လ်ဆန်နဲ့ စိတ်ပျက်စရာဖြစ်နေခဲ့ပြီး ကွင်းလယ်က ကုန်နေပြီး အသုံးမကျတော့တဲ့ ဂျော်ဂျင်ညိုနဲ့ ချာကာတို့ရဲ့ စုတ်ပြတ်ပျက်စီးနေမှုကို မပြုပြင်ခဲ့တဲ့ အာတီတာရဲ့ တုံ့ဆိုင်းနေမှုတွေက အမှားတွေ ဆက်တိုက်ဖြစ်ခဲ့သလို ချက်ချင်းပဲ အပြစ်ပေးခံခဲ့ရပါတယ်။
![]()
![]()
ပွဲချိန် ၆၁ မိနစ်မှာတော့ အာဆင်နယ်တို့ ခံစားသွားခဲ့ရပြီး စပို့တင်းတို့ ချေပဂိုး ပြန်ရသွားခဲ့သလို ဂျော်ဂျင်ညိုရဲ့ တစ်ယောက်တည်း တိုင်ပတ်ပြီး မဖြစ်ညစ်ကျယ် လှည့်ပတ်မှုက ချပေးတဲ့ ဘောလုံးကို မထိန်းနိုင်ခဲ့တဲ့ ချာကာကြောင့် ဘောလုံးပျက်ရာမှာ ပေါ်တူဂီသားတွေဘက်က ရသွားတဲ့ ပက်ဒရို ဂွန်ဆာလ်ဗက်စ်က ကွင်းလယ်ကနေ အမြောက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရမ်းစ်ဒေးလ်ကို ကျော်ပြီး ဝင်သွားခဲ့လို့ ပရိသတ်တွေ ပေါက်ကွဲစရာဖြစ်ခဲ့တာပါ။
![]()
![]()
ပွဲချိန် ၆၆ မိနစ်မှာတော့ ဂျော်ဂျင်ညိုနဲ့ နယ်လ်ဆန်တို့အစား ပါတေးနဲ့ ဆာကာတို့ကို နောက်ဆုံးလူစားလဲမှုအဖြစ် အာဆင်နယ်တို့ သုံးစွဲခဲ့ရသလို အပြောင်းအလဲလုပ်ခဲ့ပေမယ့် အင်မတန်မှ ခြေလေးနေတဲ့ ချာကာ၊ ဂါဘရီယယ်လ်တို့လို ကစားသမားတွေအတွက် ကျန်တဲ့ ကစားသမားတွေက ဒုတိယပိုင်း အချိန်တွေမှာ ကူကစားမပေးနိုင်ခဲ့တော့တာကြောင့် စပို့တင်းတို့ကတောင် ခြေသာသယောင်ရှိခဲ့တာဖြစ်ပါတယ်။
![]()
![]()
ပျက်သွားတာကနေ ပုံလာအောင် ပြင်လို့ မရတဲ့ ညာခြမ်းခံစစ်နဲ့ ကွင်းလယ်မှာ ပါတေးကြောင့်သာ ခံသာနေခဲ့တာဖြစ်ပြီး ရမ်းစ်ဒေးလ်ကတော့ မျက်နှာဘောလုံးမှန်လို့ နှာနှပ်ကုသခဲ့ရသေးသလို ဆာကာတောင် ရှေ့တက်လို့ မရတဲ့ ဘန်ဝှိုက်နဲ့ ဟိုးလ်ဒင်းတို့ရဲ့ ညာခြမ်းကလည်း အလုပ်မဖြစ်ခဲ့ဘဲ အာဆင်နယ်တို့အနေနဲ့ ဘောလုံးကို အန္တရာယ်ကင်းကင်း မကစားတတ်ခဲ့ကြလို့ ဒုတိယပိုင်းအပြီးမှာ တစ်ဂိုးစီသရေပဲဖြစ်နေခဲ့တာပါ။
![]()
![]()
အချိန်ပို ဆက်ကစားပြီး ၉၇ မိနစ်မှာ စပို့တင်းတို့ နောက်ပြန်ပေးတဲ့ အမှားကနေ လွတ်ထွက်သွားခဲ့တဲ့ ထရော့ဆတ်က ကန်သွင်းခဲ့ပေမယ့် ဂိုးသမား အဒန်ရဲ့ လက်နဲ့ ထိပြီး တိုင်ထိထွက်ခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရသလို စဆရက အထာနဲ့ ဘောလုံးတောင်းပြီး ပေးတော့လည်း ဘာမှ မလုပ်တတ်တဲ့ ဖာဘီယို ဗီယာရာအစား ပွဲချိန် မိနစ် ၁၀၀ မှာတော့ အော်ဒီဂွါဒ်နဲ့ လဲကစားလာခဲ့ပါတယ်။
![]()
Post a Comment