မန်ချက်စတာစီးတီး-နယူးကာဆယ်လ်ယူနိုက်တက်
တစ်ဂိုးရအောင် မနည်းသွင်းနေရတဲ့ နယူးကာဆယ်လ်တို့အနေနဲ့ အသင်းကြီးတွေနဲ့တွေ့ရင် ပိတ်ကစားတာက အကျင့်ပါနေပြီဖြစ်ပါတယ်။ မန်ယူနဲ့ ကာရာဘောင်းဖလားမှာ ပိတ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ကားရီးယပ်စ်နဲ့တော့ မယှဉ်နိုင်ခဲ့သလို ဒီတစ်ပွဲမှာတော့ မန်စီးတီးကို နစ်ခ် ပုပ်ရဲ့ အားကိုးနဲ့ ဂိုးမပေးရအောင် ကြိုးစားသွားဦးမှာပါ။ ဘယ်သူတွေ ဘယ်လို ဝေဖန်နေကြပေမယ့် အက်ဒီဟောင်းအတွက်တော့ တခြားနည်းလမ်း မရှိသလို မန်စီးတီးတို့ဘက်ကတော့ ဂွါဒီယိုလာရဲ့ လူထုတ်ပုံနဲ့ ဗျူဟာရွေးချယ်မှုကို စောင့်ကြည့်ရမှာဖြစ်ပြီး ဖိုဒန်နဲ့ ဒီဘရိုင်းနားတို့ ခြေစွမ်းပြနေကြတာကြောင့် အချိန်တန်ရင် အိမ်ရှင်တွေပဲ ကပ်နိုင်သွားဦးမှာဖြစ်ပတယ်။ (မန်စီးတီး 1-0 နယူးကာဆယ်လ်)
ချဲလ်ဆီး-လိဒ်စ်ယူနိုက်တက်
ကန်တိုင်းရှုံး ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲမှာရော ဆောက်သမ်တန်နဲ့လို ကြုံရဦးမလားလို့ တွေးနေကြပေမယ့် ဂိုးမသွင်းတတ်တဲ့ နည်းပြသစ် ဟာဗီ ဂါစီယာနဲ့ လိဒ်စ်ကိုတော့ ရလဒ်ကောင်းနိုင်ဖို့ များနေပါတယ်။ ဖိအားတွေ များနေတဲ့ ဂရေဟမ် ပေါ့တာကို အချိန်ပေးထားတာက ချဲလ်ဆီးတို့အတွက် မှန်လား မှားလားဆိုတာ ဒီနေ့ပွဲမှာ စောင့်ကြည့်ရမှာဖြစ်ပြီး နိုင်သင့်နိုင်ထိုက်တဲ့ ပွဲမျိုးဖြစ်နေလို့ မနိုင်ရင်တော့ ရာထူးက ထုတ်ပယ်ခံသွားရနိုင်ပါတယ်။ သူ့ရဲ့ ဘယ်လောက်မှ မကျန်တော့တဲ့ အချိန်တွေမှာ ပေါ့တာတစ်ယောက် အခြေလှအောင် လက်ပူတိုက်လာနိုင်ပြီး နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ကြမယ့်ပွဲမှာတော့ ဧည့်သည် လိဒ်စ်တို့ထက် အိမ်ရှင် ချဲလ်ဆီးတို့က သာလွန်နေပါတယ်။ (ချဲလ်ဆီး 2-0 လိဒ်စ်)
အာဆင်နယ်-ဘုန်းမောက်
မန်စီးတီးတို့ ပွဲကျပ်တွေ့နေပြီး ကံမကောင်းရင် နယူးကာဆယ်လ်နဲ့ သရေကျသွားနိုင်တာကြောင့် အာဆင်နယ်တို့ ဒီပွဲကို ဖိဖိစီးစီး အနိုင်ရဖို့ ကြိုးစားမှာဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ မန်စီးတီးတို့ကို အနည်းဆုံး ၅ မှတ်ဖြတ်ပြီး ဒီအကွာအဝေးကို ထိန်းထားနိုင်ဖို့အတွက် ပထမအကျော့ကလည်း အလွယ်တကူ အနိုင်ရထားတဲ့ ဘုန်းမောက်နဲ့ နိုင်ပွဲဆက်ဖို့ လုပ်ဆောင်လာမှာဖြစ်သလို တဖြည်းဖြည်း လူပြန်စုံလာပြီး အိမ်ကွင်းမှာ အဲဗာတန်လို ပိတ်ပြီး ကစားတဲ့ အသင်းကို လေးဂိုးသွင်းထားတာကလည်း ဒီပွဲအတွက် တွန်းအားဖြစ်နေမှာပါ။ ပွဲကျပ်တွေ မတွေ့ခင်မှာ အာဆင်နယ်တို့ ဂိုးပြတ်အနိုင်ရဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ (အာဆင်နယ် 3-0 ဘုန်းမောက်)
အက်စ်တန်ဗီလာ-ခရစ္စတယ်လ်ပဲလေ့စ်
ပြီးခဲ့တဲ့ပွဲမှာ နှစ်သင်းစလုံး ရလဒ်ကောင်းခဲ့ကြသလို မာဆေးဆိုက်က ပြိုင်ဘက်နှစ်သင်းနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဗီလာတို့က အဲဗာတန်တို့ အနိုင်ရခဲ့သလို ပဲလေ့စ်တို့ကတော့ လီဗာပူးလ်ကို သရေကစားထားနိုင်ခဲ့ပါတယ်။ ဗီလာတို့ ခြေစွမ်းကောင်းပေမယ့် ဒါကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်နေသလို ကွင်းလယ်မှာတော့ မက်ဂင်းကို သုံးရင် ကစားပုံက ပိုငြိမ်လေ့ရှိပြီး တိုက်စစ်မှာတော့ ဝပ်ကင်းစ်က ခြေစွမ်းပြနေလို့ ဂိုးသွင်းခက်နေတဲ့ ပဲလေ့စ်တို့ကို အိမ်ကွင်းမှာ အနိုင်ယူဖို့ အခွင့်အရေးကောင်းနေပါတယ်။ (ဗီလာ 2-0 ပဲလေ့စ်)
ဘရိုက်တန်-ဝက်စ်ဟမ်းယူနိုက်တက်
ဖူလ်ဟမ်နဲ့ပွဲမှာ မရှုံးသင့်ဘဲ ရှုံးခဲ့တဲ့ ဘရိုက်တန်တို့အတွက် နစ်နာခဲ့ရသလို ဒီနေ့မှာတော့ အိမ်ကွင်းနှစ်ပွဲဆက် မျက်နှာမပျက်ရဖို့ ကြိုးစားလာမှာ ဖြစ်ပြီး ဝက်စ်ဟမ်းတို့အနေနဲ့တော့ အချိန်ကောင်း မဟုတ်ဘဲ ရောက်လာခဲ့တယ်လို့ ဆိုရမှာပါ။ ရှေ့ပွဲကသာ ဖူလ်ဟမ်ကို အနိုင်ရခဲ့ရင် ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းတို့ကို အနည်းငယ် လျှော့ကန်နိုင်ပေမယ့် နှစ်ပွဲဆက် အမှတ်လျော့လို့မဖြစ်တဲ့ စင်ရော်တွေအနေနဲ့ ဖိဖိစီးစီး ကစားလာမှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့ကတော့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေပေမယ့် အဝေးကွင်းမှာတော့ ရလဒ်တွေ ဆိုးနေခဲ့ပြီး ဒီနေ့ပွဲမှာလည်း အမှတ်မရဘဲ အိမ်ပြန်ရဖို့ များနေတာပါ။ (ဘရိုက်တန် 2-0 ဝက်စ်ဟမ်း)
ဝုလ်ဗာဟမ့်ပ်တန်-တော့တင်ဟမ်ဟော့စပါး
စပါးစ်တို့အနေနဲ့ ဒီပွဲကန်ပြီးရင် နောက်ပွဲမှာ ဘာရလဒ်ထွက်မယ်ဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရလောက်အောင်ကို ခြေစွမ်းက မတည်ငြိမ်ဘဲ ဖြစ်နေခဲ့ပါတယ်။ ချဲလ်ဆီးကို အနိုင်ရခဲ့လို့ အက်ဖ်အေဖလားမှာ ရှက်ဖီးလ်ဒ်ကိုတော့ သာသာယာယာပဲလို့ ထင်ခဲ့ကြပေမယ့် ရှုံးနိမ့်ခဲ့ပြီး ပရိသတ်မျက်နှာ အိုးမဲသုတ်ခဲ့တာပါ။ ဝုလ်ဗ်စ်တို့ကလည်း ကြွေတက်နေခဲ့ပြီးမှ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့လို့ အိမ်ကွင်းမှာတော့ ကြိုးစားလာနိုင်ပေမယ့် နိုင်ပွဲယူဖို့တော့ ယုံချင်စရာ မကောင်းသေးဘဲဖြစ်နေခဲ့ပါတယ်။ တစ်နေ့ရွှေ တစ်နေ့ငွေ နှစ်သင်းရဲ့ ပြိုင်ပွဲမှာ တစ်မှတ်စီခွဲယူဖို့ပဲဖြစ်လာနိုင်ပါတယ်။ (ဝုလ်ဗ်စ် 1-1 စပါးစ်)
ဆောက်သမ်တန်-လက်စတာစီးတီး
တန်းဆင်းဇုန်နဲ့ အမှတ်သိပ်မကွာတဲ့ လက်စတာတို့အနေနဲ့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့အပြီးမှာ ဘလက်ဘန်းနဲ့ အက်ဖ်အေဖလားကိုလည်း ခပ်ညံ့ညံ့ပဲ ရှုံးနိမ့်ထားခဲ့ပြီး ကွင်းလယ်ကလည်း ပုံစံကောင်းမှာ ရှိမနေတာဖြစ်ပါတယ်။ ဆောက်သမ်တန်တို့ကတော့ ကံမကောင်း အကြောင်းမလှတဲ့ ပင်နယ်တီနှစ်လုံးကြောင့် အက်ဖ်အေဖလားက ပြုတ်လာခဲ့အပြီးမှာ ဘဝတူ လက်စတာကို အိမ်ကွင်းမှာ အသာစီးရယူဖို့ ကြိုးစားသွားမှာပါ။ ရှေ့လာမယ့် ပွဲစဉ်တွေမှာ ပွဲကျပ်တွေ ရှိနေတဲ့ ဆောက်သမ်တန်တို့အတွက် ဒီနေ့ပွဲက မဖြစ်မနေ နိုင်ပွဲဖြစ်သင့်ပြီး ဝါ့ဒ်-ပရောက်စ်ရဲ့ ရုန်းအားနဲ့ သုံးမှတ်ရဖို့ များနေပါတယ်။ (စိန့် 2-1 လက်စတာ)
နော့တင်ဟမ်ဖောရက်စ်-အဲဗာတန်
အဲဗာတန်တို့အနေနဲ့ တိုက်စစ်မှာ အားကိုးရမယ့်သူ ဘယ်သူမှ မရှိသလို ရှိတဲ့လူတွေနဲ့လည်း ဘာကစားကွက်မှ ပုံမဖော်နိုင်ပဲ ကွင်းလယ်ကိုချည်း အားကိုးပြီး အလစ်အငိုက်ဖမ်းတဲ့ အကွက်ကိုပဲ အသုံးပြုနေခဲ့ရပါတယ်။ အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲမှာ အဆိပ်မရှိ အစွယ်မရှိတဲ့ တိုက်စစ်သမားတွေကြောင့် သူတို့ရဲ့ ရှေ့ခရီးက ကြမ်းတမ်းဦးမယ်လို့ ကြိုတင်တွက်ဆလို့ ရနေပြီး ဖောရက်စ်တို့ကတော့ အသင်းကြီးတွေနဲ့ မယှဉ်နိုင်ချိန်မှာ ကိုယ့်ကွင်းလာကစားမယ့် ဖောင်ပျက်အသင်းကို ရိုက်ချက်ဖို့ ကြိုးစားမှာပါ။ ရှောင်ဒိုက်ချ်ကို အာဆင်နယ်ပရိသတ်တွေ လှောင်ပြောင်ခဲ့သလို တန်းဆင်းမှာပဲဆိုတာက တကယ်ပဲ မှန်နေမလားလို့ တွေးစရာဖြစ်ပြီး လက်ရှိအနေအထားမှာ ဘယ်သူမှ မကယ်နိုင်တာကြောင့် ဖောရက်စ်တို့ သုံးမှတ်ရပါလိမ့်မယ်။ (ဖောရက်စ် 2-0 အဲဗာတန်)
လီဗာပူးလ်-မန်ချက်စတာယူနိုက်တက်
ပုံမှန်ဆိုရင်တော့ အန်းဖီးလ်မှာ လီဗာပူးလ်တို့ သုံးမှတ်၊ မန်ယူတို့ တစ်မှတ်မှ မရဘဲ လှည့်ပြန်ဆိုပြီးဖြစ်တတ်ပေမယ့် ဒီရာသီခြေစွမ်းအရတော့ ဖြစ်လာနိုင်ဖို့ နည်းနေပါတယ်။ လီဗာပူးလ်တို့အနေနဲ့ ကွင်းလယ်မှာ လူမရှိဘဲ ကစားနေရသလို ရှေ့က ဆာလားတို့ အုပ်စုကိုပဲ အားကိုးနေခဲ့ရပြီး မန်ယူတို့ကတော့ ပြိုင်ပွဲစုံမှာ ကြွေတက်နေတာကြောင့် အန်းဖီးလ်မှာ လူစုံတက်စုံနဲ့ အမှတ်သိမ်းဖို့ ကြိုးစားမှာပါ။ ရက်ရှ်ဖို့ဒ်အတွက် အကြောင်းသိနေတဲ့ ညာနောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်က လှောင်ပြောင်စရာဖြစ်နေနိုင်သလို တန်ဟတ်ကလည်း ကလော့ပ်ထက် ပိုလျင်မြန်တဲ့ ကောင်တာကစားပုံကို ပိုင်ဆိုင်ထားတာကြောင့် အန်းဖီးလ်မှာ မန်ယူတို့အတွက် အလေးသာတဲ့ ရလဒ်ကို မြင်ရနိုင်ပါတယ်။ (လီဗာပူးလ် 1-2 မန်ယူ)
ဘရန့်ဖို့ဒ်-ဖူလ်ဟမ်
နောက်နှစ် ဥရောပမှာ ယူရိုပါ သို့မဟုတ် ကွန်ဖရင့်လိဂ်လောက်တော့ ကစားနိုင်ရမယ်လို့ မှန်းနေကြတဲ့ နှစ်သင်းရဲ့ တွေ့ဆုံရာမှာ ပြိုင်ဆိုင်မှုက ပြင်းထန်ဦးမှာပါ။ လောင်းကစားမှုတွေနဲ့ ရှုပ်နေတဲ့ တိုနီရဲ့ ခြေစွမ်းက မတည်ငြိမ်ဘဲဖြစ်နေတာကြောင့် စုစည်းမှုကောင်းနေတဲ့ ဖူလ်ဟမ်တို့ အခွင့်အရေး ရယူသွားနိုင်ဖွယ်ရှိပြီး အိမ်ရှင်တွေအတွက်တော့ ပုံစံကောင်းကို ပြန်လည်ရှာဖွေနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ သောမတ်စ် ဖရန့်ခ်တို့ အနိုင်လိုချင်မှာ ဖြစ်ပေမယ့် မာကို ဆေးလ်ဗားတို့ကလည်း တစ်ခုခု လုပ်ပြနိုင်မှာဖြစ်တာကြောင့် သရေတစ်မှတ်စီပဲ ခွဲယူသွားဖို့ များနေတာပါ။ (ဘရန့်ဖို့ဒ် 1-1 ဖူလ်ဟမ်)
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment