ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ မားကို့စ် အလွန်ဆို၊ ကွန်ဒီ၊ အာရူဟိုနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ကက်ဆီယေးနဲ့ ဒီယုံးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဂါဗီနဲ့ ဖယ်ရန် တောရက်စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ရီးရဲလ်မက်ဒရစ်တို့ကတော့ ဂိုးသမား ကူတွာ၊ ခံစစ်မှာ ရူဒီဂါ၊ အယ်ဒါ မီလီတို၊ ကာဗာဟယ်လ်နဲ့ နာချို ဖာနန်ဒက်ဇ်တို့ကို ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်၊ တိုနီ ခရူးစ်နဲ့ ကာမာဗင်ဂါတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကို ကစားစေခဲ့တာပါ။
ဒီနှစ်သင်းတွေ့ရင် ဘာစီလိုနာတို့က ဘောလုံးကိုင်ကစားတတ်ပြီး ရီးရဲလ်တို့ကတော့ အမြန်ပေးစနစ်နဲ့ ဝုန်းဝုန်းဒိုင်းဒိုင်း ထိုးဖောက်တတ်တာကို ပရိသတ်တွေ သိထားခဲ့ကြပေမယ့် ဒီနေ့မှာတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်ခဲ့ပြီး ကာတာလန်သားတွေက ခံစစ်မှာပဲ ပိတ်ကစားခဲ့သလို မက်ဒရစ်သားတွေက ဘောလုံးကိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။
ပွဲချိန် ၁၂ မိနစ်မှာ ရီးရဲလ်တို့ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဘင်ဇီးမား လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရသလို ဒီလိုမျိုး အမှတ်မထင် လွတ်ထွက်တတ်တဲ့ ဘောလုံးမျိုးကလွဲလို့ ဘာစီလိုနာတို့အနေနဲ့ ခံစစ်မှာ စုစည်းမှုအပြည့်နဲ့ ကာကွယ်သွားခဲ့ကြသလို ဘူးစ်ကွက်စ်နဲ့ ကက်ဆီယေးတို့ရဲ့ ဖျက်အားက အိမ်ရှင်တွေ ဂိုးပေါက်တစ်ကြိမ်မှ မတည့်အောင် ဗျူဟာမြောက်ကစားနိုင်ခဲ့ကြတာပါ။
ပွဲချိန် ၂၆ မိနစ်မှာ ဘာစီလိုနာတို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းမှာ ထိုးဖောက်လာခဲ့တဲ့ ဖယ်ရန် တောရက်စ်က ထိုးပေးတာကို လူမကျွံဘဲ ပြေးဝင်နိုင်ခဲ့တဲ့ ကက်ဆီယေးရဲ့ ကန်ချက်က ဂိုးသမား ကူတွာနဲ့ထိပြီး ပြန်ထွက်အလာမှာ နောက်က ပြေးဝင်လာတဲ့ မီလီတိုနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ အိမ်ရှင်တွေ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာလည်းဖြစ်ပါတယ်။
ပထမပိုင်းမှာ ရီးရဲလ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဧရိယာထဲမှာ အပိုင်ဖန်တီးနိုင်မှုတွေကလည်း နည်းနေခဲ့ပြီး အပြင်ကနေပဲ လှမ်းကန်နေခဲ့ရတဲ့အထဲမှာ တစ်ကြိမ်မှ ဂိုးမပေါက်မတည့်ခဲ့တာကြောင့် ချေပဂိုးနဲ့ ဝေးနေခဲ့ရပြီး ဘာစီလိုနာတို့က ဘာနေဗျူးဟာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြတာပါ။
ဒုတိယပိုင်းမှာလည်း ရီးရဲလ်တို့ပဲ ဘောလုံးကိုင်ပြီး ဖိကစားခဲ့ပေမယ့် ဧရိယာထဲမှာ လူအပြည့်ရှိနေတဲ့ ဘာစီလိုနာတို့ကို ထိုးနှက်ဖို့ ခက်နေခဲ့သလို မိုဒရစ်ချ်တို့ကအစ ဖန်တီးပေးဖို့ တိုင်ပတ်နေခဲ့ချိန်မှာ ဧရိယာအပြင်ကပဲ လှမ်းကန်နေခဲ့ကြရပြီး ရမလားဆိုပြီး ပင်နယ်တီ တောင်းခဲ့တာတွေကလည်း တစ်ခါမှ လက်မထိဘဲ တောင်းမိတာဖြစ်နေခဲ့လို့ အိမ်ရှင်တွေ မျက်နှာပူစရာဖြစ်ခဲ့ရပါတယ်။
ဘာစီလိုနာတို့ဘက်က ရာဖင်ညာအစား အန်ဆူ ဖာတီကို လဲခဲ့သလို ရီးရဲလ်တို့ကတော့ နာချိုအစား ရိုဒရီဂိုကို ထည့်သွင်းခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာ ဘာစီလိုနာတို့ ပွဲသိမ်းပေးလိုက်နိုင်တဲ့ အခွင့်အရေးကို ရရှိခဲ့ပေမယ့် ကက်ဆီယေး ကန်တာကို ဂိုးသမား အဆင်သင့်ရှိမနေတဲ့ ဂိုးပေါက်ထဲကို သွားတဲ့ ဘောလုံးက လမ်းမှာရှိနေတဲ့ အန်ဆူ ဖာတီနဲ့ ထိထွက်ခဲ့လို့ ဧည့်သည်တွေ နစ်နာခဲ့ရတာပါ။
လက်ကျန်ပွဲချိန်တွေမှာတော့ ရီးရဲလ်တို့ဘက်က ခရူးစ်နဲ့ မိုဒရစ်ချ်တို့အစား ချွာမင်နီနဲ့ အယ်လ်ဗာရိုတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ရေပက်မဝင်အောင် လုံခြုံနေပြီး ဘာစီလိုနာနဲ့တောင် မတူဘူးလို့ ပြောရမယ့် ခံစစ်က အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့လို့ ပထမအကျော့ ပွဲချိန်အပြည့်မှာတော့ ဘာနေဗျူးမှာ ကာတာလန်သားတွေ အနိုင်ရပြီး ဒုတိယအကျော့အတွက် အခြေအနေကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment