![]()
![]()
အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် လီယန်ဒရို ထရော့ဆတ်ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှာ အသင်းကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် အလွယ်တကူပဲ ဂန်းနားတွေနဲ့ အထိုင်ကျခဲ့သလို သွင်းဂိုးတစ်ဂိုးအပြင် ဖန်တီးမှုများစွာကို ပြုလုပ်နိုင်ခဲ့ပြီးတဲ့နောက် ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး အလျင်အမြန်ဖြစ်လာခဲ့ပါတယ်။
![]()

![]()
အသင်းကို ရောက်လာတုန်းက ကျောနံပါတ် ၂၂ ကို ရွေးချယ်မယ်လို့ ထင်ခဲ့ကြသူတွေ ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ အငှားထွက်ကစားလို့ လစ်လပ်နေတဲ့ နီကိုလာ ပေပေရဲ့ ကျောနံပါတ် ၁၉ ကို ရွေးချယ်ခဲ့ပြီး ဘရန့်ဖို့ဒ်ဘက်ကို ဂိုးသွင်းယူပေးခဲ့သလို အဲဗာတန်၊ လက်စတာနဲ့ ပွဲတွေမှာ တစ်ဂိုးစီ ဖန်တီးပေးခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာတော့ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာပါ။
![]()

![]()
ထရော့ဆတ်အနေနဲ့ စောင်တလွဲ ပေပေကြောင့် ကျဆင်းသွားခဲ့ရတဲ့ ကျောနံပါတ် ၁၉ ရဲ့ ဂုဏ်သိက္ခာကိုလည်း ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့ပြီး သူ့ရှေ့က စပိန်မှော်ဆရာ ဆန်တီ ကာဇိုလာရဲ့ ခြေရာကို နင်းဖို့ အဆင်သင့်ဖြစ်နေခဲ့သလို ဖူလ်ဟမ်နဲ့ပွဲရဲ့ ပထမပိုင်းမှာ သုံးဂိုးစလုံးကို ဖန်တီးပေးခဲ့တာက ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ်တစ်ခုလည်းဖြစ်ခဲ့ရပါတယ်။
![]()

![]()
အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယမ်လက်ရွေးစင်အနေနဲ့ ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်မှာ အမ်းမရိတ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့အတွက် ကုန်ကျခဲ့တဲ့ ပေါင် ၂၇ သန်းကတော့ တော်တော်လေး ဈေးပေါခဲ့တယ်လို့ ထင်မြင်စရာရှိခဲ့သလို အာဆင်နယ်ပရိသတ်တွေအတွက်တော့ ချဲလ်ဆီးကို လက်လွှတ်လိုက်ရတဲ့ မိုက်ခေလို မူဒရစ်ခ်ကို လွမ်းဖို့ မပြောနဲ့ စာရင်းထဲ မထည့်အောင်ကို ဖြစ်ခဲ့ရတာပါ။
![]()

![]()
ပရိသတ်တွေအတွက် ဒေးလီးမေးလ်ကတော့ ထူးခြားဆန်းပြားစွာပဲ တချို့အချက်အလက်တွေကို ရှာဖွေဖော်ထုတ်ပေးခဲ့ပြီး ထရော့ဆတ်ဟာ လီဂိုအရုပ်ဆက်ကစားရတာကို နှစ်ခြိုက်သူဖြစ်တယ်ဆိုတဲ့အတွက် သူဟာ အာဆင်နယ်တို့ရဲ့ ချန်ပီယံစိန်ခေါ်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်လာပြီလို့လည်း ချီးကျူးသွားခဲ့ပါတယ်။
![]()

![]()
နောက်တစ်ချက်ကတော့ သူ့ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျိုဆီ ကွမ်အဲအနေနဲ့ အေဂျင်စီထောင်ပြီး ကစားသမားတွေရဲ့ ကိုယ်စားလှယ်အဖြစ် မလုပ်ကိုင်ခင်က ဆေးသုတ်သမားနဲ့ အိမ်တွင်း အလှဆင်သူတစ်ဦးဖြစ်ခဲ့လို့ ထရော့ဆတ်ရဲ့ အပြောင်းအရွှေ့ကတော့ လန်ဒန်မြို့ကို အနီရောင်သုတ်လိုက်တဲ့ ကိစ္စပဲလို့ ဆိုခဲ့ကြတာပါ။
![]()

![]()
သူ့ရဲ့ ဖန်တီးမှု ဟက်ထရစ်ကတော့ ရှေ့မှာ ကာဇိုလာတစ်ယောက် လုပ်ပြထားနိုင်တဲ့ အစွမ်းဖြစ်တဲ့ ၂၀၁၂-၁၃ ရာသီက ဝီဂန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ၄ ဂိုး ဖန်တီးခဲ့မှုကို နီးစပ်နိုင်ခဲ့ပြီး ထရော့ဆတ်အနေနဲ့ ခြေရာကွက်တိ နင်းနိုင်ဖို့ဆိုရင်တော့ စပိန်သားရဲ့ ဟက်ထရစ်မျိုး သွင်းယူနိုင်ဖို့တော့ လိုအပ်နေသေးလို့ လာမယ့်ပွဲတွေမှာ ဘယ်လောက် ခြေစွမ်းပြနိုင်ဦးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
![]()

![]()
ကွင်းလယ်နဲ့ တောင်ပံမှာ နေရာစုံ ကစားနိုင်တဲ့ ကာဇိုလာနဲ့ ယှဉ်ရင် ထရော့ဆတ်အနေနဲ့ ကွင်းလယ်အထိုင်မှာ မကစားနိုင်တာ တစ်ခုသာ နိမ့်ကျခဲ့ပြီး တစ်ကွင်းလုံးမှာ အကွက်မြင်မြင် လိုက်ပါကစားပြီး အသင်းဖော်တွေနဲ့ အသင်းရဲ့ ကစားကွက်ကို ကူညီပေးနိုင်မှုကတော့ တူညီနေခဲ့သလို အကျဉ်းအကြပ်တွေမှာလည်း ဘောလုံးကို သက်တောင့်သက်သာ လက်ခံရယူနိုင်မှုချင်းကပါ တစ်ထပ်တည်းကျနေခဲ့တာပါ။
![]()

![]()
လာမယ့်ပွဲစဉ်တွေမှာတော့ ဒဏ်ရာကနေ သက်သာလာတဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ကြောင့် သူ့ရဲ့ ကစားခွင့်ကို ထိခိုက်စေလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ရှိနေခဲ့ပေမယ့် ဘယ်လ်ဂျီယမ်သားအနေနဲ့ အာဆင်နယ်အသင်းအတွက် ကစားခွင့်ရတိုင်း အကျိုးပြုပေးနိုင်မယ်ဆိုတာကတော့ မြေကြီး လက်ခတ်မလွဲဖြစ်ပြီး ကျောနံပါတ် ၁၉ ကို ဘယ်လောက် အရောင်တင်ပေးနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေပါကြောင်း ဖော်ပြလိုက်ရပါတယ်။
![]()
![]()
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ![]()
Post a Comment