အိုင်ယာလန်ကို အနိုင်ကစားပြီး အုပ်စုကို ဆက်လက်ဦးဆောင်တဲ့ ပြင်သစ်

ပြင်သစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မေညွန်၊ ခံစစ်မှာ ကိုနာတေ၊ အူပါမီကာနို၊ ပါဗတ်နဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာဗင်ဂါ၊ ဟာဗျိုနဲ့ ဂရစ်ဇ်မန်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကိုလို မူအာနီ၊ အမ်ဘာပေနဲ့ ဂျီရူးတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် အိုင်ယာလန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ အီဂန်၊ ကောလင်းစ်နဲ့ အိုရှီးယားတို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာတော့ ကိုးလ်မန်း၊ ဒိုဟာတီ၊ ကာလန်နဲ့ မိုလွမ်ဘီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ နိုက်၊ အော့ဂ်ဘီနီနဲ့ ဖာဂူဆန်တို့ကို စုဖွဲ့ပေးခဲ့တာပါ။

ဒေးရွှမ့်စ်ရဲ့ ဒီနေ့ လူရွေးချယ်မှုဖြစ်တဲ့ ညာသန်သုံးယောက်ကို ဖြစ်သလို တွဲပေးထားတဲ့ အမ်ဘာပေ၊ ဂျီရူးနဲ့ ကိုလို မူအာနီတို့အတွဲက အရင်နေ့က နယ်သာလန်ကို ကစားတဲ့ ကိုမွန်နဲ့ စုဖွဲ့မှုကောင်းမျိုး မရခဲ့သလို ဘောလုံးကိုင်ကစားခဲ့ပေမယ့် ဖန်တီးမှုပိုင်းမှာတော့ ကျဆင်းနေခဲ့ပြီး အေစီမီလန်မှာ ပုံစံကောင်း မရှိတဲ့ ဂျီရူးကလည်း ဂိုးရဖို့ မလွယ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်နဲ့ လိဂ်ချန်ပီယံရှစ် အခြေစိုက် ကစားသမားတွေကို အခြေခံထားတဲ့ အိုင်ယာလန်တို့ကတော့ သူတို့ရဲ့ အလံတော်အောက်မှာ မွေးဖွားရာဒေသတွေ ကွာခြားတဲ့ လူမျိုးစုံကို စုစည်းထားရတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ခဲ့ပေမယ့် အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်မှုနဲ့ စုစည်းမှုကို ပြသနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ ပြင်သစ်တိုက်စစ်ရဲ့ တွဲလုံးတွေက လုံးဝ အဆင်မပြေသလို တိုက်စစ်သုံးယောက်ရဲ့ ကစားချင်သလို ကစားနေခဲ့ကြတာက ပြဿနာဖြစ်နေခဲ့ပြီး ဒေးရွှမ့်စ်ရဲ့ အံဝင်ခွင်ကျ ပုံစံမချနိုင်ဘဲ ရွေးချင်သလိုရွေးပြီး ကွင်းထဲ ကောက်ထည့်လိုက်တဲ့ ပုံစံက အလုပ်မဖြစ်ခဲ့လို့ လက်ကျန် ပွဲချိန်တွေနဲ့ ဒုတိယပိုင်းမှာလည်း မပြင်ဆင်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ မှာတော့ ပြင်သစ်တို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အိုင်ယာလန် ကွင်းလယ်လူ ကာလန်ရဲ့ လူပေးမှားမှုကနေ ညာနောက်ခံလူ ပါဗတ်က ဖြတ်ယူပြီး သူ့ရဲ့ ကန်နေကျ အဝေးကစ်နဲ့ ဧရိယာအပြင်ကနေ ကံစမ်းခဲ့ရာမှာ ဂိုးသမား မမီနိုင်တဲ့ ဂိုးအပေါ်ဘက်ကို ဘားထိပြီး ဝင်သွားခဲ့တာကြောင့် အိမ်ရှင်တွေ ကြေကွဲခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ပြင်သစ်တို့ဘက်က အလုပ်မဖြစ်တဲ့ ဂျီရူးအစား ဒီယာဘီကို ထည့်ခဲ့ပေမယ့် ဘာမှ ထူးမလာခဲ့သလို ပါဗတ်၊ ဟာဗျိုနဲ့ ကိုလို မူအာနီတို့အစား ကွန်တီ၊ ချွာမင်နီနဲ့ မားကပ်စ် သူရမ်တို့ကို လဲလှယ်သွားခဲ့သလို အိုင်ယာလန်တို့ဘက်ကတော့ ဖာဂူဆန်၊ ဒိုဟာတီ၊ နိုက်၊ အိုရှီးယားနဲ့ မိုလွမ်ဘီတို့အစား အီဒါး၊ မက္ကလင်း၊ ဂျွန်စတန်၊ ဘရောင်းနဲ့ အိုဘာဖီမီတို့ကို လူစားထည့်သွင်းခဲ့ကြတာဖြစ်ပါတယ်။

ပြင်သစ်တို့အနေနဲ့ ပုံပျက်နေတဲ့ Chemistry မမိတဲ့ တိုက်စစ်ပိုင်းကို မပြင်ဆင်နိုင်ခဲ့လို့ ပါဗတ်ရဲ့ ဂိုးအပြင် ဘာဂိုးနဲ့မှ မနီးစပ်ခဲ့သလို အိမ်ရှင် အိုင်ယာလန်တို့ကလည်း ကွာလတီနည်းတဲ့ ချန်ပီယံရှစ်တိုက်စစ်နဲ့ တစ်ဖက်က ကမ္ဘာ့အဆင့် ချန်ပီယံလိဂ်အဆင့်ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ကြတာကြောင့် ပွဲက တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒဗ္ဗလင်မှာ အိုင်ယာလန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ ပြင်သစ်တို့အနေနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(ဘီ)မှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်နဲ့ အုပ်စုကို ဆက်လက်ဗိုလ်လုပ်ဖို့တော့ လုံလောက်ခဲ့ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို သာသာယာယာ သွားနိုင်တဲ့ ခြေစွမ်းကိုလည်း ပိုင်ဆိုင်ထားခဲ့ပေမယ့် နည်းပြ ဒေးရွှမ့်စ်အတွက်တော့ ဘောင်မဝင်တဲ့ တိုက်စစ်မျိုးကို ထပ်ပွဲမထုတ်ဖို့ လိုအပ်နေကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post