![]()
![]()
နာပိုလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မီရက်၊ ခံစစ်မှာ ရာမာနီ၊ ဂင်မင်းဂျယ်၊ ဒီလော်ရန်ဇိုနဲ့ မာရီယို ရူအီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လိုဘော့တ်ကာ၊ ဇွမ်ဘွန်ဂီးဆာနဲ့ ဇီလင်စကီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပိုလီတာနို၊ ကဗာရတ်စခီလီယာနဲ့ အိုဆီမင်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
![]()
![]()
ဧည့်သည် ဖရန့်ဖတ်တို့ကတော့ ဂိုးသမား ထရက်ပ်၊ ခံစစ်မှာ အန်ဒစ်ကာ၊ တူတာ၊ အော်ရယ်လီယို ဘူတာနဲ့ လင့်ဇ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒါ၊ ဂျီဘရီလ် ဆိုး၊ ဂေါ့ဇား၊ ခနော့ဖ်နဲ့ ကာမာဒါတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဘော်ရီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။
![]()
![]()
စပါးစ်၊ မာဆေးလ်နဲ့ စပို့တင်း လစ္စဘွန်းတို့နဲ့ အုပ်စု(D)မှာ တစ်အုပ်စုတည်း ကျခဲ့ရာကနေ နောက်ဆုံးပွဲမှာ ကံကောင်းပြီး နောက်တစ်ဆင့် တက်လာခဲ့တဲ့ ဖရန့်ဖတ်တို့ကတော့ အုပ်စု(A)မှာ လီဗာပူးလ်ကို ကျော်ပြီး အုပ်စုဗိုလ်ယူခဲ့တဲ့ အီတလီစီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ နာပိုလီတို့အတွက် ပြိုင်ဘက် မဟုတ်ခဲ့ဘဲ ဂျာမန်မြေမှာ ရှုံးနိမ့်ထားခဲ့သလို အဝေးကွင်းမှာလည်း ကောင်တာကိုပဲ အားပြုခဲ့ရတာဖြစ်ပါတယ်။
![]()
![]()
နာပိုလီတို့ ဖိကစားခဲ့ပေမယ့် တော်တော်နဲ့ ဂိုးမရဘဲဖြစ်နေခဲ့သလို ဘယ်ခြမ်းက ကဗာရတ်စခီလီယာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ဘဲ တိုင်မင်တချို့ လွဲနေခဲ့တာကြောင့် ဖရန့်ဖတ်ခံစစ်နဲ့ ဂိုးသမား ထရက်ပ်တို့ရဲ့ ကာကွယ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဒီလိုနဲ့ ပထမပိုင်းမှာ ဂိုးမရှိသရေကျမယ်လို့ပါ ထင်နေခဲ့ရတာပါ။
![]()
![]()
ဒါပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဂိုးမြူးနေတဲ့ အိုဆီမင်က နာပိုလီတို့ကို ပျော်ရွှင်စေနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ပိုလီတာနိုရဲ့ တောင်ပံက ဖြတ်တင်ပေးမှုကို ခေါင်းတိုက်မယ်မှန်း သိသိကြီးနဲ့ အဆင်သင့်မရှိဘဲ နှေးကွေးနေခဲ့တဲ့ ဂိုးသမား ထရက်ပ်ရဲ့ ဘယ်ဘက်ထောင့်ကို နိုင်ဂျီးရီယားတိုက်စစ်မှူးက သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။
![]()
![]()
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ နာပိုလီတို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေပဲ ပိုလီတာနိုက ခင်းပေးတာကို ဧရိယာထဲ ပြေးဝင်လာခဲ့တဲ့ နောက်ခံလူ ဒီလော်ရန်ဇိုက ဂိုးရှေ့ဖြတ်ပို့ပေးရာမှာ အိုဆီမင်က လျှောထိုးပိတ်သွင်းယူခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့် လက်တစ်ဖက်က ကိုယ်လုံးအောက်မှာ ညပ်ပြီး နာသွားခဲ့တာကတော့ ပရိသတ်တွေ စိုးရိမ်စရာဖြစ်ခဲ့ရတာပါ။
![]()
![]()
ပွဲချိန် ၆၄ မိနစ်မှာတော့ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို နာပိုလီတို့ သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဇီလင်စကီးကို ဧရိယာထဲမှာ ခြေချိတ်မိခဲ့တဲ့ ဖရန့်ဖတ်ကွင်းလယ်လူ ဂျီဘရီလ် ဆိုးကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဇီလင်စကီးက ကိုယ်တိုင်ပဲ ကန်သွင်းယူခဲ့ပြီး ဂိုးသမား ဒိုက်ပစ်လို့ လွတ်သွားတဲ့ အလယ်တည့်တည့်ကို ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
![]()
![]()
သုံးဂိုးရအပြီးမှာတော့ နာပိုလီတို့ဘက်က ဂင်မင်းဂျယ်၊ ပိုလီတာနို၊ ကဗာရတ်စခီလီယာ၊ ဇီလင်စကီးနဲ့ အိုဆီမင်တို့ကို အနားပေးသွားခဲ့ကြပြီး ဟွမ်ဂျေဆူးစ်၊ လိုဇာနို၊ အဲလ်မတ်စ်၊ အန်ဒွမ်ဘီလီနဲ့ ဆီမီယွန်နီတို့ကို ထည့်သွင်းသွားခဲ့ကြသလို ဖရန့်ဖတ်တို့ဘက်ကတော့ ခနော့ဖ်၊ လင့်ဇ်နဲ့ ရိုဒါတို့အစား အာလီဒူး၊ ဖိလစ်မက်စ်နဲ့ ယာကစ်ချ်တို့ကို လူစားလဲသွားခဲ့ကြတာပါ။
![]()
![]()
ပွဲချိန်အပြည့်မှာတော့ နာပိုလီတို့က ဖရန့်ဖတ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ကြသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပြီး စီးရီးအေ ထိပ်ဆုံးမှာ ဦးဆောင်နေတာဟာ အိမ်ကျယ်သာ မဟုတ်ကြောင်းနဲ့ ဥရောပမှာ ဗိုလ်ဝင်ခံတော့မယ်ဆိုတာကို ပြိုင်ဘက်တွေကို သတိပေးလိုက်သလိုလည်းဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။
![]()
![]()
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment