ဟားလန်းနဲ့အတူ တိုက်တိုက်ဆိုင်ဆိုင် ခုနစ်ဂိုးမိုးရွာပြပြီး ကွာတားတက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်၊ ဂျွန်စတုန်းစ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် RB လိုက်ပ်ဇစ်တို့ကတော့ ဂိုးသမား ဘလာစ်ဗစ်ချ်၊ ခံစစ်မှာ အော်ဘန်၊ ဂွါဒီယောလ်၊ ဟိုင်းန်ရစ်ချ်နဲ့ ရောင်းမ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဟိုက်ဒါရာ၊ ကမ်ပယ်လ်၊ ဆိုဘော့ဆ်လိုင်း၊ ဖော့စ်ဘတ်နဲ့ လိုင်မာတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ တီမို ဗာနာ တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ခံစစ်မှာ အပေးအယူလုပ်ပြီး မန်စီးတီးတို့ကို လျှပ်တစ်ပြက် ထိုးဖောက်ဖို့ ရည်ရွယ်ပုံရတဲ့ လိုက်ပ်ဇစ်တို့ရဲ့ ဗျူဟာက ဒီအသင်းနဲ့ ဒီအသင်း၊ ဒီအဆင့်နဲ့ ဒီအဆင့်ကို နောက်နေတာလားလို့ မေးရမလိုဖြစ်ခဲ့ပြီး နည်းပြ မာကို ရိုဆာအနေနဲ့ ဥရောပအဆင့်မှာ အလုပ်မဖြစ်ခဲ့သလို မွန်ချန်ဂလာဘက်ချ်က ထွက်လာပြီး ဒေါ့မွန်မှာ ကျရှုံးခဲ့ပေမယ့် Red Bull အုပ်စုကတော့ ဆာ့လ်ဇ်ဘတ်က သံယောဇဉ်နဲ့ အလုပ်ခန့်ခဲ့ပုံပေါ်ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ရိုဒရီ ခေါင်းတိုက်တာက လိုက်ပ်ဇစ်နောက်ခံလူ ဟိုင်းန်ရစ်ချ်ရဲ့ ဆန့်ထုတ်ထားတဲ့ လက်ကို ထိမိခဲ့လို့ ရခဲ့တဲ့ ပင်နယ်တီကို ဟားလန်းက ဂိုးသမား ဘလာစ်ဗစ်ချ် မဖမ်းနိုင်အောင် ညာဘက်တိုင်ခြေကို အပြင်းကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ မန်စီးတီးတို့ပဲ ဒုတိယဂိုး ရခဲ့ပြီး ခံစစ်ကနေ အာကန်ဂျီ ကန်တင်ပေးတဲ့ ဘောလုံးကို ဟားလန်းက ရယူပြီး နောက်ကို ပြန်ချပေးရာမှာ ပြေးဝင်လာတဲ့ ဒီဘရိုင်းနားကို ဘယ်ခြေနဲ့ ကြုံသလို ကန်သွင်းချက်ကနေ ဘားထိပြီး ပြန်ထွက်အလာမှာ ဟားလန်းကပဲ ခေါင်းတိုက်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်စေခဲ့ပါတယ်။

လိုက်ပ်ဇ်တို့အနေနဲ့ ခြေထဲမှာ ဘောလုံးထားရတာ သက်တောင့်သက်သာမရှိတဲ့ ဂိုးသမား ဘလာစ်ဗစ်ချ်ဆီ ပေးတိုင်း ဟားလန်းက မခိုမကပ် အားထုတ်ပြီး လိုက်လုဖို့ ကြိုးစားနေခဲ့တာကြောင့် မန်စီးတီးတို့အနေနဲ့ အိမ်ကွင်းမှာ ကလေးတွေကို အနိုင်ကျင့်သလိုဖြစ်နေခဲ့ပြီး တိုက်စစ်က ပြန်လာရင်လဲ တီမို ဗာနာဖြစ်နေတာကြောင့် အိမ်ရှင်တွေ နဘယံ ဘေးမရှိပဲဖြစ်နေခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ဒီဘရိုင်းနား ကန်တင်ပေးတာကို ရူဘင် ဒီယက်စ်က ခေါင်းတိုက်သွင်းရာမှာ လိုက်ပ်ဇစ်ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဂိုးစည်းပေါ် ကြိုးတန်းလျှောက်သလို လိမ့်လာတဲ့ ဘောလုံးကို ဟားလန်းက သူ့ရဲ့ ဟက်ထရစ်အဖြစ် ရှင်းထုတ်တဲ့ နောက်ခံလူနဲ့အပြိုင် ပြေးပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးတို့က လိုက်ပ်ဇစ်တို့ကို ဟားလန်းရဲ့ ဟက်ထရစ်ကြောင့် သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဧည့်သည်နည်းပြ မာကို ရိုဆာအနေနဲ့ ဂွါဒီယိုလာရဲ့ ကစားကွက်ကို တားဆီးနိုင်ဖို့ ဘာမှ အပြောင်းအလဲ မလုပ်တတ်ခဲ့တာကြောင့် သနားစရာကောင်းလှတဲ့ ဂိုးသမား ဘလာစ်ဗစ်ချ်ရဲ့ ဒရာမာ အလွမ်းဇာတ်ကိုပဲ ဆက်ပြီး မြင်ခဲ့ရတာပါ။

ပွဲချိန် ၄၉ မိနစ်မှာတော့ မန်စီးတီးတို့ကပဲ စတုတ္ထ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဟားလန်းက ဘယ်ခြမ်းကို ဖြန့်ပေးတဲ့ ဘောလုံးကို ဂရီးလစ်ရှ်က ကန်မလိုနဲ့ ဧရိယာထိပ်ကို ပြန်ခင်းပေးရာမှာ ဂွန်ဒိုးဝမ်က တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ရှေ့ကနေ ပိတ်ဆို့နေခဲ့တဲ့ လိုက်ပ်ဇစ်နောက်ခံလူနှစ်ယောက်ကြောင့် ဂိုးသမား ကာကွယ်ဖို့ မမီလိုက်ဘဲ ဂိုးဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာ မန်စီးတီးတို့ပဲ ပဉ္စမမြောက်ဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ဒီဘရိုင်းနား တင်ပေးရာမှာ ဘာနာဒို ဆေးလ်ဗားက ခေါင်းတိုက်ပြီး ပို့ပေးတာကို ဟားလန်းရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့ပြီး ဘေးက ရှိနေတဲ့ အာကန်ဂျီ ပိတ်သွင်းတာ မအောင်မြင်ဘဲ ပြန်ထွက်လာရာမှာ ဟားလန်းကပဲ နောက်တစ်ကြိမ် ကန်သွင်းနိုင်ခဲ့လို့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

Post a Comment

Previous Post Next Post