အုန်းဂိုးပေး၊ ပင်နယ်တီလွဲခဲ့တဲ့ အရှုံးနဲ့ ဘာစီလိုနာနောက် ရှစ်မှတ်ပြတ်သွားတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လူနင်၊ ခံစစ်မှာ နာချို ဖာနန်ဒက်ဇ်၊ ရူဒီဂါ၊ ကာဗာဟယ်လ်နဲ့ ကာမာဗင်ဂါတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီ၊ ဗယ်လ်ဗာဒီနဲ့ ဒါနီ စီဘာယော့စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဆန်စီယို၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မာယော့ကာတို့ကတော့ ဂိုးသမား ရိုင်ကိုဗစ်ချ်၊ ခံစစ်မှာ နက်စတာဆစ်ချ်၊ ရေးယို၊ ဂျိုဗန်နီ ဂွန်ဇာလက်ဇ်၊ ဟော်မီ ကော့စတာနဲ့ ပါလို မက်ဖီယိုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဒီဂါလာရီတာ၊ ဘာဘာ၊ လီဂန်းအင်းနဲ့ ဒါနီ ရိုဒရီးရက်ဇ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ မူရီကျီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ရီးရဲလ်တို့အနေနဲ့ တိုက်စစ်မှူး ဘင်ဇီးမားနဲ့ နောက်ခံလူ မီလီတိုတို့ကို ပေါင်နောက်ကြောဒဏ်ရာတွေကြောင့် ဆုံးရှုံးထားခဲ့ရသလို ဘယ်ခြမ်း ခံစစ်မှူး ပြင်သစ်သား ဖယ်လွန် မန်ဒီကလည်း ထိခိုက်မှုကနေ ပြန်မလာနိုင်သေးဘဲဖြစ်နေခဲ့ပြီး ဂိုးသမား ကူတွာကတော့ သွေးပူလေ့ကျင့်ရင်း ပေါင်ကြော ထိသွားခဲ့လို့ လူနင်ကို သုံးခဲ့ရချိန်မှာ သက်တော်ရှည် မိုဒရစ်ချ်ကိုပါ အရန်ခုံမှာ အနားပေးထားခဲ့လို့ အသင်းရဲ့ အထိုင်က ပျက်ပြားပြီး ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာပဲ ရီးရဲလ်မက်ဒရစ်တို့ ဂိုးပေးလိုက်ရပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ပြေးထွက်လာခဲ့တဲ့ ဒါနီ ရိုဒရီးရက်ဇ်က ဘယ်ခြမ်း အရောက်မှာ လူပေးမှားခဲ့သေးပေမယ့် ဝင်ဖျက်မယ့်လူ မရှိတာကြောင့် သူပဲ ပြန်ရပြီး ဖြတ်တင်ပေးရာမှာ တိုက်စစ်မှူး မူကျီရီရဲ့ ခေါင်းတိုက်ချက်က တားဆီးဖို့ ကြိုးစားခဲ့တဲ့ နာချိုရဲ့ ခေါင်းနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ အရန်ဂိုးသမား လူနင် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ရီးရဲလ်တို့ရဲ့ တိုက်စစ်ပိုင်း ပုံဖော်မှုတွေက ထိန်းကစားပေးမယ့် ဝါရင့်ကစားသမား တစ်ဦးမှ မပါချိန်မှာ ဖရိုဖရဲဖြစ်နေခဲ့ပြီး ကလေးတွေ တောင်ကန်မြောက်ကန် ကန်သလိုဖြစ်နေခဲ့ချိန်မှာ မာယော့ကာတို့ရဲ့ ခံစစ်ငါးယောက်အထိ ထားခဲ့တဲ့ နောက်တန်းကို ထိုးဖောက်ဖို့ ခက်နေခဲ့သလို စောစောစီးစီး နေပူထဲမှာ အဝေးကွင်း ကစားခဲ့ရမှုကလည်း သူတို့အတွက် ကြီးမားတဲ့ အတားအဆီးဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်က ငှက်ပစ်နေခဲ့ကြတဲ့ ကန်ချက်တွေကြောင့် ရီးရဲလ်တို့ ပထမပိုင်းမှာ တစ်ကြိမ်မှ ဂိုးပေါက် မတည့်ခဲ့တာကြောင့် ချေပဂိုးရဖို့ မဖြစ်နိုင်ခဲ့ဘဲ အိမ်ရှင် မာယော့ကာတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်သွားခဲ့သလို ဒုတိယပိုင်းမှာလည်း ဖိကစားခဲ့ပေမယ့် သူတို့ရဲ့ တိုက်စစ်ဆင်မှုတွေက အားရစရာ မရှိခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာ ဗီနီးရှပ်စ်ရဲ့ ခြေထောက်ကို ဆွဲမိတဲ့ ဂိုးသမား ရိုင်ကိုဗစ်ချ်ကြောင့် မာယော့ကာတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ အဆန်စီယိုက ကန်သွင်းခဲ့ရာမှာ သူ့ကို စိတ်ဓာတ်ပိုင်းအရ လွှမ်းမိုးနိုင်ခဲ့တဲ့ ဆားဘီးယားဂိုးသမားက ခြေယောင်ပြတာကို တုံ့ဆိုင်းတာကို စောင့်ပြီးမှ နောက်ဆုံးအချိန်မှာ မှန်မှန်ကန်ကန် ဒိုက်ပစ်ပုတ်ထုတ်နိုင်ခဲ့လို့ ရီးရဲလ်တို့ ဘဲဥကွဲခွင့်နဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ရီးရဲလ်တို့ဘက်က ဗယ်လ်ဗာဒီ၊ စီဘာယော့စ်၊ အဆန်စီယိုနဲ့ ချွာမင်နီတို့အစား မိုဒရစ်ချ်၊ အလာဘာ၊ မာရီယာနို ဒီယက်ဇ်နဲ့ တိုနီ ခရူးစ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် မာယော့ကာတို့ဘက်ကတော့ ဒါနီ ရိုဒရီးရက်ဇ်၊ ဘာဘာ၊ လီဂန်းအင်းနဲ့ ဒီဂါလာရီတာတို့အစား အန်ဒီယေး၊ ဘက်တာဂလီယာ၊ အန်တိုနီယို ဆန်ချက်ဇ်နဲ့ ဂရင်နီယေးတို့ကို ထည့်သွင်းပြီး ထိန်းသိမ်းကစားသွားခဲ့ကြတာပါ။

လက်ကျန်ပွဲချိန်တွေမှာ ရီးရဲလ်တို့ ဖိကစားခဲ့ပေမယ့် မာယော့ကာတို့ကလည်း ကောင်တာတွေကနေ သူတင်ကိုယ်တင် ပြန်ကစားနိုင်ခဲ့လို့ ဂိုးထပ်မရပေးရတာကတောင် ကံကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်သလို နည်းပြ အန်ချယ်လော့တီအတွက်တော့ အတွက်လွဲခဲ့တဲ့ လူထုတ်ပုံနဲ့အတူ အင်အား မတောင့်တင်းတဲ့ အရန်ကစားသမားတွေကို အားကိုးမှုက ကိုယ့်ဒုက္ခကိုယ်ရှာမိတာပဲ ဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ မာယော့ကာတို့က ရီးရဲလ်မက်ဒရစ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး ဒီရလဒ်ကြောင့် အဆင့် ၁၀ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ နောက်က အုန်းသလို ရှေ့က ပင်နယ်တီ မဝင်အောင် လူညီခဲ့တဲ့ လက်ရှိချန်ပီယံတွေကတော့ ဆီဗီလာကို နူးကမ့်မှာ အပိုင်ထုခဲ့တဲ့ ဘာစီလိုနာတို့ရဲ့နောက် ၈ မှတ်အထိ အဖြတ်ခံလိုက်ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post