တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲရိုးနဲ့ ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်၊ အီမာဆန် ရိုယဲလ်နဲ့ ပါရီရှစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် မန်ချက်စတာစီးတီးအသင်းကတော့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ အာကေ၊ ဝေါ်လ်ကာနဲ့ ရီကို လူးဝစ္စတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီ၊ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းနောက်က အယ်လ်ဗာရက်ဇ်ကို လိုက်ကစားစေခဲ့တာပါ။
ထုံးစံအတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှု ယူတဲ့ မန်စီးတီးနဲ့ ကောင်တာကစားတဲ့ စပါးစ်တို့ရဲ့ မဲပြာပုဆိုးပွဲကိုပဲ မြင်ခဲ့ရပေမယ့် ရူဘင် ဒီယက်စ်၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနားတို့ကို အရန်ခုံမှာ ထားခဲ့ပြီး အသင်းကို အင်အားချိနဲ့စေခဲ့တဲ့ ဂွါဒီယိုလာရဲ့ ဗျူဟာက ပြောစရာဖြစ်ခဲ့ပြီး အာဆင်နယ်ကို လိုက်မမီအောင်လုပ်ဖို့ သန္နိဋ္ဌာန်ချထားသလားလို့ မေးစရာလည်းဖြစ်ခဲ့ရပါတယ်။
မန်စီးတီးဘက်က မာရက်ဇ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ပူးပေါင်းပြီး ညာခြမ်းကနေ အဓိက ဖောက်သွားခဲ့ပေမယ့် စပါးစ်ခံစစ်က စေ့စပ်လွန်းသလို ရှေ့မှာ ဟာရီကိန်းတစ်ယောက်တည်း ကွင်းလယ်လောက်မှာ နေရာယူပြီး ကျန်တဲ့သူတွေအားလုံးက ပိတ်ဆို့သွားခဲ့လို့ ပွဲက ကြည့်မကောင်းခဲ့ပေမယ့် ဧည့်သည်တွေ ဂိုးသွင်းဖို့တော့ မတတ်နိုင်ခဲ့တာပါ။
ပွဲချိန် ၁၅ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ဇုန်မှာ ဂိုးသမားကို ပြန်ပေးရမယ့်အစား လူကြားထဲကို ပြန်ထိုးပေးတဲ့ ရိုဒရီရဲ့ ခပ်ပေါပေါ အမှားကနေ ဟွိုင်ဘယာ့ဂ်က ဖြတ်ယူသွားပြီး ဧရိယာထဲအရောက် ဟာရီကိန်းဆီ ထိုးအပေးမှာ အင်္ဂလန်ကပ္ပတိန်က ငှက်ပျောသီး အခွံနွှာစားတာထက် လွယ်တဲ့ ဂိုးကို အသာအယာ ကန်သွင်းရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီဂိုးကတော့ ဟာရီကိန်းကို စပါးစ်အသင်းရဲ့ ထာဝရဂိုးသွင်းဘုရင်ဖြစ်လာစေတဲ့ ဂိုးလည်းဖြစ်ခဲ့ပြီး ဂျင်မီ ဂရိဗ်စ်ရဲ့ ၂၆၆ ဂိုးစံချိန်ကို ၂၆၇ ဂိုးနဲ့ ဖြတ်ကျော်သွားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှတ်တိုင်တစ်ခုအဖြစ်တော့ သွင်းဂိုး ၂၀၀ ပြည့်မြောက်ခဲ့တဲ့ တတိယအများဆုံး သွင်းဂိုးရှင်လည်း ဖြစ်လာစေခဲ့ပြီး အနီးဆုံးက ဝိန်းရွန်နီ (၂၀၈ ဂိုး)နဲ့ ထိပ်ဆုံးက အလန် ရှီးရား (၂၆၀ ဂိုး)တွေကိုတော့ လိုက်မီနိုင်မလား စောင့်ကြည့်ရဦးမှာပါ။
ဂိုးပေးရအပြီးမှာတော့ မန်စီးတီးတို့ ဖိကစားခဲ့ပေမယ့် စပါးစ်ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ဧရိယာအပြင်နဲ့ ဧရိယာအစပ်တွေကနေပဲ ကန်သွင်းခွင့်တွေ ရခဲ့ရာမှာ ဂိုးသမား လိုရစ်က အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့သလို စပါးစ်ခံစစ်အမှားကနေ လွတ်ထွက်သွားတဲ့ မာရက်ဇ်က အပိုင်ကန်ခွင့်ရခဲ့ပေမယ့် ဘားထိထွက်ခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းအစမှာ စပါးစ်တို့ တန်ပြန်တိုက်စစ်ကနေ ကန်ခွင့်ရခဲ့ပေမယ့် ဟာရီကိန်း ချော်ကန်မိခဲ့လို့ အခွင့်အရေးတစ်ခု နစ်နာခဲ့ရသလို အလုပ်မဖြစ်တဲ့ မန်စီးတီးတို့ကတော့ သူတို့ရဲ့ ကွင်းလယ်ကို ပြင်ဆင်ဖို့ မာရက်ဇ်အစား ဒီဘရိုင်းနားကို ပွဲချိန် ၅၉ မိနစ်မှာ စလဲခဲ့ပြီး ပိုမိုဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဧရိယာထဲကို ဝင်မရဘဲဖြစ်နေခဲ့တာပါ။
ပွဲချိန် ၆၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ပါရီရှစ်ချ် ပေးတာ နည်းနည်းလေး အားပိုသွားခဲ့လို့ ဟာရီကိန်း ပြေးပိတ်ပေမယ့် လွဲချော်သွားခဲ့ပြီး ဂိုးတိုင်နဲ့ ပေါင်ခွကြားနဲ့ပဲ မိတ်ဆက်ခဲ့ရတာကြောင့် နှလုံးသားဒဏ်ရာမရတာ ကံကောင်းခဲ့သလို မန်စီးတီးတို့ မျှော်လင့်ချက် အသက်ဆက်နိုင်ခဲ့ပြီး ဧရိယာ အပြင်က ကန်ချက်တွေနဲ့ ဆက်လက်ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၆၉ မိနစ်မှာ ဆွန်ဟောင်မင် ပေးတာကို ဟာရီကိန်း တစ်ကိုယ်တော် ဖောက်ထွက်ပြီး ကန်ရာမှာ အီဒါဆန် ပိတ်ဆို့နိုင်လို့သာ ဂိုးမဖြစ်ခဲ့ရဘဲ မန်စီးတီးတို့ ကံကောင်းခဲ့ပြီး ခံစစ်က ဝေါ်လ်ကာနဲ့ အာကန်ဂျီတို့ရဲ့ ခြေစွမ်းကို မေးခွန်းထုတ်စရာဖြစ်ခဲ့သလို ရူဘင် ဒီယက်စ် မရှိချိန်မှာ မာမာထန်ထန် တားဆီးနိုင်မှုမျိုး မရှိတာကိုလည်း တွေ့ခဲ့ရတာပါ။
ပွဲချိန် ၈၇ မိနစ်မှာ စပါးစ်တို့ဘက်က ရိုမဲရိုး နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပေမယ့် နည်းပြ ကွန်တီကတော့ ခံစစ်သမားတွေကို ထည့်ပြီး ပိတ်ဆို့ ကစားသွားခဲ့တာကြောင့် လူချန်ရှုံး ဂွါဒီယိုလာတစ်ယောက် ရလဒ်ကို ပြင်ဆင်ဖို့ မတတ်နိုင်ခဲ့ဘဲ ရိုဒရီရဲ့ ပေါပေါပဲပဲ အမှားတစ်ချက်ကနေ ရှုံးပွဲတစ်ပွဲနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ အာဆင်နယ်နဲ့ နှစ်မှတ်အထိ ပြန်ကပ်နိုင်မယ့်အရေးကို လက်လွှတ်ခဲ့ရသလို တပည့်ဟောင်း အာတီတာကို ဖလားပေးချင်တာလားလို့ မေးခွန်းထုတ်ခံခဲ့ရချိန်မှာ စပါးစ်တို့ကတော့ သရေချည်းလှိမ့်ကျနေတဲ့ နယူးကာဆယ်လ်တို့ဆီက အဆင့် ၄ ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိလာနိုင်ခဲ့ပါကြောင့် ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment