သံယောဇဉ်ကြီးရှာသူ မာတီနက်ဇ်ကြောင့် ပွဲပြီးခါနီး နှစ်ဂိုးရပြီး ဗီလာကို အနိုင်ရတဲ့ အာကြီး

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ ထရော့ဆတ်နဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

အိမ်ရှင် အက်စ်တန်ဗီလာတို့ကတော့ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ မက်တီ ကတ်ရှ်နဲ့ အဲလက်စ် မိုရီနိုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ကာမာရာ၊ ကော်တင်ညိုနဲ့ မက်ဂင်းတို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဘွင်ဒီယာနဲ့ ဝပ်ကင်းစ်တို့ကို တင်ကစားလာခဲ့တာပါ။

ဒီနေ့ပွဲကို မနိုင်ရင် မြောင်းထဲ ရောက်သွားနိုင်တဲ့ ဂန်းနားတွေအနေနဲ့ နိုင်လိုစိတ်ကို မြင်ခဲ့ရပြီး ပွဲစကတည်းက ဖိကစားခဲ့ပေမယ့် အသင်းလိုက် ချိတ်ဆက်မှုနဲ့ တစ်ဦးချင်း အရည်အသွေးတွေကို ပေါင်းစပ်ရာမှာ ပဟေဠိရဲ့ အပိုင်းအစတွေ ပျောက်ဆုံးနေသလိုဖြစ်နေခဲ့တာကြောင့် အတွဲအဖက်မိဖို့တော့ အာတီတာရဲ့ လူတွေ ရုန်းကန်ခဲ့ရပါတယ်။

ပွဲချိန် ၅ မိနစ်မှာ အိမ်ရှင်တွေ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တိုက်စစ်ဘယ်ခြမ်းမှာ‌ ဘောလုံးပျက်တဲ့ ဇင်ချန်ကိုရဲ့ အမှားကနေ ရသွားတဲ့ မက်တီ ကတ်ရှ်ရဲ့ အဝေးဘော ပေးပို့မှုကို တိုက်စစ်မှူး ဝပ်ကင်းစ်က ပြေးထွက်ရယူပြီး ဘယ်ခြမ်းကနေ ဆွဲယူနိုင်ခဲ့သလို အာဆင်နယ်ခံစစ်မှူး ဆာလီဘာ ပိတ်ဆို့ဖို့ ကြိုးစားနေခဲ့တဲ့အထဲက အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဖုန်းတစ်ဂိုး ရမ်းစ်ဒေးလ် မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၁၆ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂျော်ဂျင်ညို ခင်းပေးတာကို ဘန်ဝှိုက်က ညာခြမ်းကနေ ဖြတ်တင်ပေးရာမှာ ဗီလာနောက်ခံလူ တိုင်ရုန်းမင်းစ် ခေါင်းတိုက်ဖျက်ရာက ပြန်ကျလာခဲ့တဲ့ ဘောလုံးကို ဧရိယာထဲမှာ လွတ်နေခဲ့တဲ့ ဆာကာက Volley အပိုင်ကန်သွင်းယူနိုင်ခဲ့လို့ ဂိုးသမား မာတီနက်ဇ် လက်တောင် မမြှောက်လိုက်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

တစ်ဂိုးစီသရေဖြစ်နေအပြီးမှာ အာဆင်နယ်တို့ ဖိကစားပြီး ကြိုးစားခဲ့ပေမယ့် သီယာရီ အွန်နရီ့မျက်နှာကို အိုးမဲသုတ်မယ့် ကျောနံပါတ် ၁၄ ပိုင်ရှင် နကီးတီးယားနဲ့ တိုက်စစ်ပိုင်းက ချိတ်ဆက်ထိုးဖောက်မှုတွေက စိတ်ပျက်စရာပဲဖြစ်နေခဲ့ပြီး ဗီလာတို့ရဲ့ ဧရိယာထဲ ရောက်တာနဲ့ စိတ်ပျက်စရာပဲဖြစ်ခဲ့သလို ပရိသတ်တွေအတွက်တော့ အကုသိုလ် အတော်များခဲ့သေးတာပါ။

ပွဲချိန် ၃၂ မိနစ်မှာတော့ ဗီလာတို့ပဲ ဒုတိယအကြိမ် ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကာမာရာရဲ့ လှပတဲ့ ပေးပို့မှုကို ဘယ်ခြမ်းကနေ ဧရိယာထဲ ချိုးပေးတဲ့ အဲလက်စ် မိုရီနိုရဲ့ အနိမ့်ဘောကို ချာကာရဲ့ လွဲချော်သွားတဲ့ စိတ်ပျက်စရာ ရှင်းထုတ်မှုကနေ ကော်တင်ညိုက တစ်ချက်ထိန်းပြီးမှ ဘယ်ဘက်တိုင်ထောင့်ကို အဆုံးသတ် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အိမ်ကွင်းအားကိုးနဲ့ ကြမ်းခဲ့တဲ့ ဗီလာကစားသမားတွေနဲ့ ဆာကာတို့ ရန်ဖြစ်ခဲ့ကြပြီး သူနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့ တစ်ဝါစီ ထိခဲ့ကြသလို အိမ်ရှင်တွေက နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ကြပြီး ဒုတိယပိုင်း ပြန်အစမှာ ဘောလုံးပြန်ကိုင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ်တို့ကပဲ ပွဲကို စိုးမိုးထားနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၅၆ မိနစ်မှာ ဘန်ဝှိုက်ရဲ့ ဖြတ်တင်ဘောကနေ နကီးတီးယားရဲ့ ခေါင်းတိုက်ချက်က ဘားထိထွက်ခဲ့လို့ အာဆင်နယ်ဖန်တွေ ရင်ခံခဲ့ရသလို သူတို့တွေအနေနဲ့ အခွင့်အရေးကောင်းတွေကို အတော်ကလေး ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းနဲ့ သွေးအေးမှုတွေမှာတော့ လိုအပ်ချက်တွေ များခဲ့လို့ နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ အာဆင်နယ်တို့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ဆာကာနဲ့ အတိုပေးပြီး ပြန်ရလာခဲ့တဲ့ အော်ဒီဂွါဒ်က ဧရိယာထိပ်ကို ခင်းပေးခဲ့ရာမှာ လွတ်နေတဲ့ ဇင်ချန်ကိုက ဘယ်ခြေနဲ့ ညာဘက်တိုင်ခြေကို အပိုင်ကန်သွင်းပြီး သူ့ရဲ့ ဂန်းနားဘဝ ပထမဆုံးဂိုးနဲ့ ပရီးမီးယားလိဂ် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာ အော်ဒီဂွါဒ်ရဲ့ အမြော်အမြင်ရှိတဲ့ ဖန်တီးမှုကနေ နကီးတီးယား လွတ်ထွက်သွားပြီး ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့ချိန်မှာ ကန်ချက်က ချူချာလွန်းခဲ့တာကြောင့် ရသင့်တဲ့ ဂိုးတစ်ဂိုးကို အာဆင်နယ်တို့ လက်လွှတ်ခဲ့ရပြီးတဲ့နောက် ဗီလာနည်းပြ အမ်မရီကတော့ သူ့ရဲ့ ကွင်းလယ်တစ်ခုလုံးကို လဲပစ်ခဲ့ပြီး ကော်တင်ညို၊ ဘွင်ဒီယာနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့အစား ရမ်းဆေး၊ ဘေလီနဲ့ ဒန်ဒွန့်ကာတို့ကို ထည့်သွင်းခဲ့ပါတယ်။

အာဆင်နယ်တို့ကတော့ ထရော့ဆတ်အစား မာတီနယ်လီကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ပွဲချိန် ၇၇ မိနစ်မှာတော့ ကွန်ဆာရဲ့ မသေမသပ် ဘောလုံးထိန်းသိမ်းပုံကနေ နကီးတီးယားက လုယူပြီး ဂိုးရှေ့ခင်းပေးတာကို အသင်းခေါင်းဆောင် အော်ဒီဂွါဒ်က အောချရလောက်အောင် ဘေးကန်ပစ်ခဲ့လို့ သူတို့ချင်းတော့ ကြေပြီလို့ ဆိုနိုင်ပေမယ့် ပရိသတ်တွေကတော့ ပေါက်ကွဲခဲ့ရတာပါ။

Post a Comment

Previous Post Next Post