ပထမအကျော့ အဝေးကွင်းမှာ ရှုံးထားခဲ့တဲ့ ရိုးမားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ စမောလင်း၊ အီဘာညက်ဇ်နဲ့ မန်ချီနီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ခရစ္စတန်တေ၊ မာတစ်ချ်၊ ဇာလက်ဗ်စကီးနဲ့ စပင်နက်ဇိုလာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပယ်လီဂရီနီ၊ ဒီဘားလားနဲ့ ဘယ်လော့တီတို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။
ရောမမြေကို နိုင်ပွဲနဲ့ အလည်လာခဲ့တဲ့ ဧည့်သည့် ဆာ့လ်ဇ်ဘတ်တို့ကတော့ ဂိုးသမား ခွန်း၊ ခံစစ်မှာ ဘာနာဒို၊ ဆိုလေး၊ အူလ်မာနဲ့ ဒီဒစ်ချ်တို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဂေါ်နာ-ဒူအတ်သ်၊ ဆိုက်ဗဲလ်၊ ကာပယ်လ်ဒိုနဲ့ ကေယာဂါ့ဒ်တို့ကို ခင်းကျင်းလာခဲ့ကြသလို တိုက်စစ်မှာတော့ အဒါမူနဲ့ အိုကာဖော်တို့ကို တွဲဖက်ပေးခဲ့တာပါ။
မော်ရင်ညိုအနေနဲ့ ဒီအတောအတွင်းမှာ သူ့ရဲ့ အသင်းကို အလှည့်ကျ လူထုတ်နေတဲ့အတွက် တချို့ပွဲတွေမှာ အသင်းရဲ့ ကစားပုံနဲ့ ဟန်ချက်ကို ထိန်းညှိနိုင်ဖို့ ရုန်းကန်နေခဲ့ရတာကိုလည်း တွေ့ရပြီး ပေါ်တူဂီသားကြီးအနေနဲ့ အကောင်းဆုံး ပုံစံရနေတဲ့ ကစားသမားတချို့ကို ကြံ့ခိုင်မှုကြောင့် အနားပေးရတာကိုလည်း သတိထားမိခဲ့ရပါတယ်။
ထောင့်ကန်ဘောကနေ ဒီဘားလားရဲ့ Volley ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်သွားနိုင်ခဲ့သလို ထပ်ဆင့်ခေါင်းတိုက်ချက်ကတော့ ဘားထိထွက်ခဲ့လို့ ရိုးမားတို့ စောစောစီးစီး အဖွင့်ဂိုးရဖို့နဲ့ လွဲချော်ခဲ့ပေမယ့် အဝေးကွင်းမှာ ကြံ့ခိုင်မှုအသားပေးတဲ့ ကစားပုံကိုသာ ပိုင်ဆိုင်ထားခဲ့တဲ့ အချိုရည် အသင်းကတော့ သူတို့ကို သိပ်ပြီးဒုက္ခမပေးနိုင်ဘဲဖြစ်ခဲ့တာပါ။
ပွဲချိန် ၃၃ မိနစ်မှာ ရိုးမားတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ စပင်နက်ဇိုလာက တောင်ပံတောက်လျှောက် ဆွဲပြေးလာပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဆာ့လ်ဇ်ဘတ်နောက်ခံလူတွေ ရှင်းထုတ်တာကနေ ချော်ထွက်လာခဲ့တဲ့ ဘောလုံးကို ဘယ်လော့တီက အနီးကပ် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၄၀ မှာတော့ ရိုးမားတို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုလည်း စပင်နက်ဇိုလာကပဲ သူ့ကို ထိန်းသိမ်းဖို့ ပျက်ကွက်နေတဲ့ ဆာ့လ်ဇ်ဘတ်ညာခြမ်းကနေ အေးအေးဆေးဆေးပဲ လုပ်ချင်သလိုလုပ်ပြီး ဖြတ်တင်ပေးရာမှာ ဒီဘားလားက ဂိုးရှေ့ကနေ Volley အပိုင် ကန်သွင်းသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ဆာ့လ်ဇ်ဘတ်တို့ဘက်က ကေယာဂါ့ဒ်အစား ဆူရှစ်ချ် ဝင်ကစားခဲ့သလို ရိုးမားတို့ကို ဖိအားပေးပြီး ပြန်လာနိုင်ဖို့ ကြိုးစားလာခဲ့ပေမယ့် ခံစစ်မှာ ဘာလုပ်လို့ ဘာကိုင်ရမယ်ဆိုတာကို အံခွနေတဲ့ မော်ရင်ညိုရဲ့ လူတွေကို အလွယ်တကူ ထိပါးဖို့ မဖြစ်နိုင်ခဲ့ဘဲ ရိုးမားတို့ကတော့ နောက်ထပ် ဂိုးတွေ ရသွားနိုင်တဲ့ အနေအထားမှာ ရှိခဲ့တာပါ။
အီတလီမြေမှာ ဩစတြီးယားသားတွေ ဖိကစားနေခဲ့ပေမယ့် ဂိုးရှေ့က အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ များခဲ့သလို ဒီဒစ်ချ်၊ ဆိုက်ဗဲလ်နဲ့ အဒါမူတို့အစား ဗန်ဒါဘရမ့်၊ ဂလုခ်နဲ့ ရှက်ရှ်ကိုတို့ကို လဲပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ရိုးမားတို့ကတော့ ပယ်လီဂရီနီ၊ ဇာလက်ဗ်စကီး၊ ဘယ်လော့တီနဲ့ ဒီဘားလားတို့အစား ဗိုင်နယ်လ်ဒွမ်၊ ကားစ်ဒေါ့ပ်၊ အေဘရာဟမ်နဲ့ အယ်လ်ရှာရာဝီတို့ကို ထည့်သွင်းပြီး ထိန်းကစားသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ရိုးမားတို့က ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်တို့ကို နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံကျော်ဖြတ်သွားခဲ့ကြသလို ရှုံးထွက် ၁၆ သင်းအဆင့်ကို ဆက်လက်ခြေလှမ်းနိုင်ခဲ့ကြပြီး ဒီညနေ မဲခွဲရေးဆွဲမှုမှာတော့ အုပ်စုဗိုလ်အသင်းတွေထဲက ဘယ်သူနဲ့ တွေ့ဆုံသွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment