မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရိုနဲ့ ဖရက်ဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ဘာစီလိုနာအသင်းကတော့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ အာရူဟို၊ ခရစ္စတင်ဆန်၊ ကွန်ဒီနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို စုဖွဲ့ပေးခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဒီယုံးနဲ့ ကက်ဆီယေးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဆာဂျီ ရောဘတ်တိုနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို တင်ကစားလာခဲ့တာပါ။
ပထမအကျော့က နှစ်ဂိုးစီသရေနဲ့ နူးကမ့်မှာ ယူနိုက်တက်တို့က အသာစီးရယူနိုင်ခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်း မရှိတော့တာကြောင့် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဆတူအခွင့်အရေးနဲ့ပဲ ကစားခဲ့ရသလို ဘာစီလိုနာတို့ရဲ့ သတိကြီးကြီးနဲ့ ပွဲကို ချဉ်းကပ်လာခဲ့တဲ့ ပုံစံကလည်း သူတို့ကို အခက်အခဲနဲ့ ရင်ဆိုင်စေခဲ့ရပါတယ်။
ပွဲချိန် ၁၈ မိနစ်မှာ ဘာစီလိုနာတို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ပရီးမီးယားလိဂ်မှာလို လူလည်လုပ်ဖို့ ကြိုးစားတဲ့ ဘရူနို ဖာနန်ဒက်စ်က အဲလက်စ် ဘာလ်ဒီကို နောက်ကနေ လက်နဲ့ ဆွဲပြီး ရူးချင်ယောင်ဆောင်ခဲ့ရာမှာ သူ့ထက်ပိုပြီး ပါးနပ်နေတဲ့ ချာတိတ်က အချိန်ကိုက် လှဲချသွားခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို လီဗန်ဒေါ့ဗ်စကီးက ကန်သွင်းရာမှာ ဒဟေးယား ကာကွယ်ခဲ့ပေမယ့် လက်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာပါ။
ပထမပိုင်းမှာ ဘာစီလိုနာတို့က သုံးဂိုး-နှစ်ဂိုးနဲ့ ဦးဆောင်ခဲ့ကြပြီး အဆုံးသတ်ပိုင်းတွေ ကောင်းမွန်မှု မရှိတဲ့ ယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရသလို ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဒီနေ့ပွဲမှာ အသုံးမဝင်ဘဲဖြစ်နေတဲ့ လန်ဘားကြီး ဗက်ဂ်ဟော့စ်အစား အန်တိုနီကို ထည့်ပြီး နည်းပြ တန်ဟတ်က အပြောင်းအလဲလုပ်လာခဲ့ပါတယ်။
ပွဲချိန် ၄၇ မိနစ်မှာတော့ ယူနိုက်တက်တို့ သရေကျစေမယ့် ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘာစီလိုနာခံစစ်က ကစားပုံအလွဲမှာ ဆန်ချိုက ဘောလုံးပြန်လည်လုယူနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ဧရိယာထိပ်ကို ဖြတ်ခင်းပေးရာမှာ ပြေးဝင်လာခဲ့တဲ့ ဖရက်ဒ်က ဧည့်သည်ခံစစ်ကြားက ပြေးထွက်ပြီး သူ့ကို ဒီယုံးက မတားဆီနိုင်ခင်မှာ မသန်တဲ့ ညာခြေနဲ့ပဲ အမြန်ကန်သွင်းယူခဲ့လို့ သုံးဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။
ယူနိုက်တက်တို့ဘက်က ဆန်ချို၊ ဝန်ဘစ်ဆာကာနဲ့ ရက်ရှ်ဖို့ဒ်တို့အစား ဂါနာချို၊ ဒါလော့နဲ့ မက်တော်မီနေးတို့ကို လူစားလဲကစားသွားခဲ့ကြပြီး ဘာစီလိုနာတို့ဘက်ကတော့ ဆာဂျီ ရောဘတ်တို၊ ရာဖင်ညာနဲ့ အာရူဟိုတို့အစား ဖယ်ရန် တောရက်စ်၊ အန်ဆူ ဖာတီနဲ့ မားကို့စ် အလွန်ဆိုတို့ကို ထည့်သွင်းခဲ့ကြသလို ကွန်ဒီရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို ဒဟေးယား ကာကွယ်နိုင်ခဲ့လို့ သရဲနီတွေ မျှော်လင့်ချက်မပျက်ဘဲ ဖိအားဆက်ပေးနိုင်ခဲ့တာပါ။
ပွဲချိန် ၇၃ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက စတင်ခဲ့တဲ့ ကောင်တာကနေ ဘရူနို ဖာနန်ဒက်စ်က ဧရိယာထဲ ထည့်ပေးတာကို ဂါနာချိုနဲ့ ဖရက်ဒ်တို့ အဆင့်ဆင့် ကန်ခဲ့ကြပြီး လူထိလို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို အန်တိုနီက ညာခြမ်းကနေ အဝေးတိုင်ဘက်ကို အလျင်အမြန် ကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန် မမီလိုက်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က အိမ်ကွင်းမှာ ဘာစီလိုနာတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-သုံးဂိုးနဲ့ ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့သလို ဒီအဆင့်မှာ ဘယ်ပြိုင်ဘက်နဲ့ တွေ့ဆုံရမယ်ဆိုတာကိုတော့ ဒီနေ့ ညနေမှာ မဲနှိုက်မယ့် ပွဲစဉ်ရေးဆွဲမှုမှာ သိရှိရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment