တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ဒိုင်ယာ၊ လွန်ဂလေနဲ့ ရိုမဲရိုးတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ စကစ်ပ်၊ အီမာဆန် ရိုယဲလ်နဲ့ ဒေးဗီးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရစ်ချာလစ်ဆန်၊ ကူလူရှက်ဗ်စကီးနဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ဝက်စ်ဟမ်းယူနိုက်တက်အသင်းကတော့ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ အော့ဘွန်နာ၊ ခယ်ရာနဲ့ အာဂွါဒ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒေါင်းစ်၊ ဘိုဝင်နဲ့ အန်တိုနီယိုတို့ကို တွဲဖက်ပေးခဲ့တာပါ။
အိမ်ရှင် စပါးစ်ခံစစ်ရဲ့ အထနှေးမှုကို ဝက်စ်ဟမ်းတို့ စောစောစီးစီး အသုံးချဖို့ ကြိုးစားခဲ့ပေမယ့် ဘိုဝင်ရဲ့ ကန်ချက်က တိုင်ဘေးကပဲ လွဲခဲ့သလို ဟာရီကိန်းတို့အုပ်စုကတော့ အပိုင်အခွင့်အရေးတွေ သိပ်မရခဲ့သလို ဧည့်သည်တွေရဲ့ ခံစစ်မှာ အချိန်ပြည့်နီးပါး ပိတ်ကစားနေတာကြောင့်လည်း ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာတော့ စပါးစ်တို့ တိုက်စစ်နဲ့ စဖွင့်ခဲ့ပေမယ့် ရစ်ချာလစ်ဆန်ရဲ့ အဆုံးသတ်ပုံ မကောင်းမွန်မှုက စိတ်ပျက်စရာပဲဖြစ်ခဲ့သလို ဟာရီကိန်းကလည်း အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့တာကြောင့် သူတို့ရဲ့ ရှေ့တန်းတွေက ဝက်စ်ဟမ်းခံစစ်ကို မချိုးဖျက်နိုင်ဘဲဖြစ်နေခဲ့တာပါ။
ပွဲချိန် ၅၆ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ပြန်ရလာတဲ့ ဟွိုင်ဘယာ့ဂ်က ဘယ်တောင်ပံကို မျှောပေးခဲ့တဲ့ ဘောလုံးကို ဒေးဗီးစ်က ဧရိယာထိပ်ကို ခင်းပေးခဲ့ရာမှာ ကစားကွက်အရ တိုက်စစ်မှူးနေရာကို တက်ပြီး နေရာယူထားတဲ့ နောက်ခံလူ ရိုယဲလ်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာတော့ အဲဗာတန်ကနေ စပါးစ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်ပွဲ ၁၅ ပွဲ ကစားရာမှာ တစ်ဂိုးမှ မရနိုင်သေးလို့ အလှောင်ပြောင်ခံနေရတဲ့ ဘရာဇီးလ်သား ရစ်ချာလစ်ဆန်အနေနဲ့ ဒီနေ့မှာလည်း ဘာမှ မလုပ်နိုင်ခဲ့တာကြောင့် သူ့အစား ဆွန်ဟောင်မင်နဲ့ လူစားလဲခဲ့ရပြီး အတွဲအဖက်မိဖို့ ကြိုးစားလာခဲ့တာပါ။
ပွဲချိန် ၇၂ မိနစ်မှာတော့ စပါးစ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အော့ဘွန်နာ ဘောလုံးရှင်းထုတ် မပီပြင်တာက ပြန်ရသွားခဲ့တဲ့ ဟာရီကိန်းက ဝက်စ်ဟမ်းနောက်ခံလူနှစ်ယောက်ကြားထဲကနေ ထိုးပေးတဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ ညာဘက်ကို ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
နှစ်ဂိုးရှုံးသွားတဲ့ ဝက်စ်ဟမ်းတို့အနေနဲ့ အန်တိုနီယို၊ ဒေါင်းစ်၊ အော့ဘွန်နာနဲ့ အီမာဆန်တို့အစား ဒန်နီ အင်းစ်၊ ဘင်ရာမာ၊ ဂျွန်ဆန်နဲ့ ဖော်နယ်လ်စ်တို့ကို လူစားလဲပြီး တိုက်စစ်မြှင့်လာခဲ့သလို စပါးစ်တို့ကတော့ လွန်ဂလေ၊ စကစ်ပ်နဲ့ ကူလူရှက်ဗ်စကီးတို့အစား ပါရီရှစ်ချ်၊ ဆားရ်နဲ့ လူးကပ်စ် မော်ရာတို့ကို ထည့်သွင်းပြီး ထိန်းကစားသွားခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ တော့တင်ဟမ်ဟော့စပါးစ်တို့အနေနဲ့ လန်ဒန်ဒါဘီမှာ ဝက်စ်ဟမ်းယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး သုံးမှတ် ရှာဖွေသွားနိုင်ခဲ့တာကြောင့် နိုင်ပွဲပျောက်နေတဲ့ နယူးကာဆယ်လ်တို့ထက် တစ်မှတ်အသာဖြစ်တဲ့ ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၄ နေရာကို သိမ်းပိုက်နိုင်ခဲ့သလို လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားခွင့်အတွက် ဆက်လက်ဆုပ်ကိုင်ထားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment