တဘဝလုံး စုဆောင်းထားသမျှ ထိုင်ဝမ်ဒေါ်လာ သန်းဆယ်ချီ လှူဒါန်းခဲ့တဲ့ ကုန်စိမ်းသည်

ချန်ရှုကျူဟာ ထိုင်ဝမ်မှာ နှစ်ပေါင်း ၅၀ တိုင်တိုင် ဟင်းသီးဟင်းရွက် ရောင်းချခဲ့သူပါ။ မနက်ဆို အစောကြီးဆိုင်ဖွင့်သလို ညဆိုလည်း နောက်ကျမှ ပိတ်လေ့ရှိပြီး တစ်ရက်တစ်လေမျှတောင် ဆိုင်မပိတ်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

အိမ်ထောင်မရှိတဲ့ ချန်ရှုကျူက ခြိုးခြံချွေတာ စားသောက်ပြီး ငွေကြေး စုဆောင်းခဲ့ပေမဲ့ သူ့ငွေတွေကို ဘယ်လို သုံးစွဲခဲ့သလဲဆိုတာ ဆယ်စုနှစ်ချီ ဘယ်သူမှ မသိခဲ့ကြပါဘူး။

၁၉၉၃ ခုနှစ်က သူ့ဖခင် ကွယ်လွန်ခဲ့ပြီးနောက်မှာတော့ ချန်ရှုကျူက စုဆောင်းထားတဲ့ ငွေကြေးကို တိတ်တဆိတ် စတင်လှူဒါန်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်က ကျောင်းတစ်ကျောင်းအတွက် ထိုင်ဝမ်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး ၁၉၉၇ မှာတော့ သူ တက်ခဲ့ဖူးတဲ့ မူလတန်းကျောင်းအတွက် နောက် ၁ သန်းလှူဒါန်းခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေ အဲဒီမူလတန်းကျောင်းမှာ စာကြည့်တိုက်ဆောက်ဖို့ ထိုင်ဝမ်ဒေါ်လာ ၄.၅ သန်း ထပ်လှူခဲ့လို့ အဲဒီစာကြည့်တိုက်ကိုလည်း သူ့အမည် မှည့်ခေါ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ကစလို့ ဒေသတွင်း မိဘမဲ့ဂေဟာတစ်ခုအတွက် လစဉ်ထောက်ပံ့ပေးခဲ့သလို သီးသန့်အလှူငွေတွေလည်း ပေးလှူခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ ထိုင်ဝမ်ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ သူမရဲ့ အသက်အာမခံ ပေါ်လစီနှစ်ခုလုံးကို ဆေးရုံဆေးဘက်ဆိုင်ရာ ဖောင်ဒေးရှင်းတွေဆီ လွှဲပြောင်းလှူဒါန်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ အခက်အခဲကြုံနေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မီးဖွားစဉ် မိခင် ဆုံးရှုံးသွားခဲ့ရတဲ့ ကလေးငယ်တွေကို ကူညီဖို့ ထိုင်ဝမ်ဒေါ်လာ ၁၅ သန်း လှူဒါန်းခဲ့ပြန်ပါတယ်။ ဒီအလှူကတော့ မီးဖွားစဉ် ကွယ်လွန်ခဲ့တဲ့ သူ့မိခင်ကို ရည်စူးပြီး လှူဒါန်းခဲ့တာပါ။

အဲဒီလှူဒါန်းမှုတွေအကြောင်း သူမက ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ပါဘူး။ နောက်ပိုင်းကျမှ သတင်းစာတစ်စောင်ကနေ ဒါကို စုံစမ်းသိရှိသွားပြီး ရေးသားဖော်ပြခဲ့လို့ ထိုင်ဝမ်မှာ ပျံ့နှံ့သွားခဲ့တာပါ။ ချန်ရှုကျူဟာ သာမန်ကုန်စိမ်းသည်တစ်ယောက်ဖြစ်ပေမဲ့ Time မဂ္ဂဇင်းက သူမကို “ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀” ထဲက တစ်ဦးအဖြစ် ထည့်သွင်းဖော်ပြခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာ ချန်ရှုကျူဟာ အာရှရဲ့ အထင်ကရ လူသားချင်းစာနာထောက်ထားမှုဆု ရရှိခဲ့ပေမဲ့ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကို သူ့ကိုယ်ကျိုးအတွက် အသုံးမပြုခဲ့ဘဲ ဆေးရုံတစ်ရုံအတွက် လှူဒါန်းပေးခဲ့ပါတယ်။

သူ့ရဲ့လှူဒါန်းမှုတွေနဲ့ပတ်သက်ပြီး အကြောင်းရင်း မေးမြန်းတဲ့အခါ ချန်ရှုကျူက “ကလေးတွေ ပြုံးနေတာ မြင်ရရင် ရင်ထဲမှာ ကြည်နူးပီတိဖြစ်တယ်၊ ညဘက် ကောင်းကောင်းအိပ်ပျော်တာ ကျွန်မ လိုချင်တဲ့ တစ်ခုတည်းသော ဆုလာဘ်ပါပဲ” လို့ ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ထိုင်ဝမ်နိုင်ငံဟာ ချန်ရှုကျူကို ဂုဏ်ပြုတဲ့အနေနဲ့ ဥက္ကာပျံ (Asteroid) တစ်ခုကို သူမရဲ့အမည် မှည့်ခေါ်ခဲ့ပါတယ်။

Ref: The Selfless Vegetable Seller : Chen Shu-chu

NZ (ရိုးရာလေး) 

The post တဘဝလုံး စုဆောင်းထားသမျှ ထိုင်ဝမ်ဒေါ်လာ သန်းဆယ်ချီ လှူဒါန်းခဲ့တဲ့ ကုန်စိမ်းသည် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post