တောင်ပေါ်ဒေသမှာ နွမ်းပါးတဲ့ မိန်းကလေးငယ်တွေ ပညာသင်ခွင့်ရစေဖို့ တရုတ်နိုင်ငံရဲ့ ပထမဆုံး အခမဲ့မိန်းကလေးကျောင်း တည်ထောင်ခဲ့သူ

“မိန်းကလေးတစ်ယောက်ကို ပညာသင်ပေးလိုက်တာဟာ မျိုးဆက်သုံးဆက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးလိုက်တာနဲ့ အတူတူပဲ”

ဒီစကားကို ပြောခဲ့သူကတော့ တရုတ်နိုင်ငံမှ ကျောင်းဆရာမ ကျန်းကွေ့မေပါပဲ။ ကျန်းကွေ့မေဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး အခမဲ့မိန်းကလေးအထက်တန်းကျောင်းကို တည်ထောင်ခဲ့သူပါ။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်ရဲ့ တောင်ပေါ်ဒေသမှာ အရည်အချင်းရှိတဲ့ မိန်းကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရတဲ့ စိတ်မကောင်းစရာ အဖြစ်ကို ကြုံတွေ့ခဲ့ပြီးနောက် ဆရာမ ကျန်းကွေ့မေက အခမဲ့ မိန်းကလေးကျောင်း တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ သူ့မှာ ငွေကြေး မရှိသလို ဒေသအစိုးရမှာလည်း အဲဒီအတွက် အသုံးစရိတ် မရှိပါဘူး။

ဒါကြောင့် ဆရာမ ကျန်းကွေ့မေက ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ နွေရာသီနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက်တိုင်းမှာ လမ်းပေါ်ထွက် အလှူခံခဲ့ပါတယ်။ ၅ နှစ်တိုင်တိုင် အလှူခံပေမဲ့ စုစုပေါင်း ယွမ် ၁၀၀၀၀ လောက်ပဲ ရခဲ့ပြီး တချို့တွေက သူ့ကို လိမ်လည်နေတာလို့တောင် ထင်ခဲ့ကြပါတယ်။ (အခမဲ့မိန်းကလေးအထက်တန်းကျောင်း ဖွင့်ချင်တဲ့) သူ့အိပ်မက်ကို ဘယ်သူကမှလည်း အယုံအကြည် မရှိကြပါဘူး။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒေသခံအစိုးရအဖွဲ့ထံမှ ရန်ပုံငွေ ရခဲ့သလို မီဒီယာတွေမှာလည်း သူ့အကြောင်း ဖော်ပြလာကြပြီး နိုင်ငံအနှံ့အပြားကနေ အလှူငွေတွေ ရရှိလာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဩဂုတ်လမှာတော့ ဆရာမကျန်းကွေ့မေက ဟွာပင်(Huaping) မိန်းကလေးအထက်တန်းကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီကျောင်းဟာ ကျောင်းလခ၊ စားစရိတ်နဲ့ နေစရိတ်အားလုံး ပေးစရာမလိုတဲ့ တရုတ်နိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အခုချိန်ထိ တစ်ခုတည်းသော အခမဲ့အစိုးရ မိန်းကလေးအထက်တန်းကျောင်း ဖြစ်ပါတယ်။

အစောပိုင်းမှာ ဝေဖန်သူတွေက ဟွာပင်ကျောင်းမှ မိန်းကလေးတွေရဲ့ ပညာရေးရေချိန်ကို သံသယဝင်ခဲ့ကြပေမဲ့ ၂၀၁၁ ခုနှစ်က အဲဒီကျောင်းရဲ့ ပထမဆုံးအသုတ် ဘွဲ့ရကျောင်းသူအားလုံး တရုတ်နိုင်ငံရဲ့ အလွန်ခက်ခဲလှတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး အခုချိန်ထိလည်း အဲဒီအောင်ချက်ရာခိုင်နှုန်းကို ထိန်းထားနိုင်ဆဲပါပဲ။

ဟွာပင်ကျောင်းဟာ တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံး မိသားစုဝင် မိန်းကလေးငယ်ပေါင်း ၁,၈၀၀ ကျော်ကို တက္ကသိုလ် တက်ခွင့်ရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ တရုတ်အစိုးရက သူ့ကို အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုတွေထဲကတစ်ခုဖြစ်တဲ့ July 1 Medal ဆု ချီးမြှင့်ခဲ့ပြီး ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ ဆရာမ ကျန်းကွေ့မေဟာ နာတာရှည်ရောဂါကြောင့် မကျန်းမမာ ဖြစ်နေပြီး တုန်တုန်ယင်ယင် ဖြစ်နေတဲ့ကြားကနေ ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။

Ref: Zhang Guimei

NZ (ရိုးရာလေး)

The post တောင်ပေါ်ဒေသမှာ နွမ်းပါးတဲ့ မိန်းကလေးငယ်တွေ ပညာသင်ခွင့်ရစေဖို့ တရုတ်နိုင်ငံရဲ့ ပထမဆုံး အခမဲ့မိန်းကလေးကျောင်း တည်ထောင်ခဲ့သူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post