လူသားချင်းစာနာထောက်ထားမှုရဲ့ပြယုဂ် (သို့မဟုတ်) ဂျပန် ဆရာဝန် တက်ဆုနာကာမူရာ

“လူတစ်ယောက်ရဲ့ ဘဝကို ဘာက ပြောင်းလဲသွားစေနိုင်သလဲ”

ဂျပန်လူမျိုး ဆရာဝန် တက်ဆုနာကာမူရာ (Tetsu Nakamura) တစ်ယောက် အာဖဂန်နစ္စတန်ကို ရောက်သွားတာကတော့ လူမမာတွေကို ကုသပေးဖို့ပါ။ ဒါပေမဲ့ အဲဒီမှာ သူတွေ့လိုက်ရတဲ့ အမှန်တရားက သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲပစ်လိုက်ပါတယ်။ သူ့ဆီလာတဲ့ လူနာတွေက ရောဂါဝေဒနာတစ်ခုတည်းကို ခံစားနေရတာ မဟုတ်ဘူးဗျ… သူတို့ တကယ် ခံစားနေရတာက ‘ရေငတ်မွတ်မှု’ တဲ့။

“ရောဂါလက္ခဏာကိုပဲ ကုမှာလား၊ ဒါမှမဟုတ် ရောဂါဖြစ်စေတဲ့ဇစ်မြစ်ကိုပဲ ရှင်းထုတ်ပစ်မလား” . . . . . သူ တွေးတယ်။

တက်ဆုနာကာမူရာက ဒုတိယလမ်းကို ရွေးခဲ့တယ်။ “ဆရာဝန် ရာပေါင်းများစွာထက် ဆည်မြောင်းတစ်ခုက လူ့အသက်တွေကို ပိုပြီး ကယ်တင်နိုင်တယ်” လို့ သူက ယုံကြည်ခဲ့သလို လက်တွေ့လည်း သက်သေပြခဲ့ပါတယ်။

အင်ဂျင်နီယာပညာရပ်ကို တလုံးတပါဒမှ မသိတဲ့ အသက် ၅၆ နှစ်အရွယ် လူတစ်ယောက်က အခုလို ဆုံးဖြတ်လိုက်တဲ့ သတ္တိက အံ့မခန်းပါပဲ။ သူ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ဆရာဝန်နားကြပ်ကို ဘေးချိတ်လိုက်ပြီး ဆည်မြောင်းဖောက်ဖို့ ကိရိယာတွေကို သူ ပြောင်းလဲကိုင်တွယ်ခဲ့တယ်။

စစ်ဖြစ်နေတဲ့ဇုန်ကို ကျော်ဖြတ်ပြီး ၂၇ ကီလိုမီတာရှည်တဲ့ မြောင်းကြီးကို မလျှော့သော ဇွဲနဲ့ တူးဖော်ခဲ့တယ်။ ခြောက်သွေ့နေတဲ့ မြေပြင်ဆီကို တောင်ပေါ်ကနေ ရေသွယ်ပြီး လူ့အသက်တွေ ကယ်တင်ဖို့ပေါ့။

“ရလဒ်ကတော့… တကယ့်ကို အံ့ဖွယ်နိမိတ်ပါပဲ။”

သဲကန္တာရတွေက စိမ်းလန်းတဲ့ စိုက်ပျိုးမြေတွေ ဖြစ်လာတယ်။ဟက်တာပေါင်း ၁၆,၀၀၀ ကျော်က မြေရိုင်းတွေ အသက်ဝင်လာခဲ့တယ်။

စစ်ဘေးရှောင်တွေအပါအဝင် လူပေါင်း ၆ သိန်းနီးပါး ကိုယ့်အိမ်ကိုယ်ပြန်၊ ကိုယ့်ဘာသာ စိုက်ပျိုးစားသောက်ပြီး ဘဝကို အသစ်က ပြန်စခွင့်ရခဲ့ကြတယ်။

သူ့ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကြောင့် အာဖဂန်အစိုးရက ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် တောင် အသိအမှတ်ပြုခဲ့ရတယ်။ ဒါပေမဲ့ သူ့ခရီးက မချောမွေ့ခဲ့ပါဘူး။ ခြိမ်းခြောက်မှုတွေ၊ အန္တရာယ်တွေကြားထဲကပဲ သူ မရပ်မနား အလုပ်လုပ်ခဲ့ရတာပါ။

၂၀၁၉၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ အာဖဂန်နစ္စတန်နိုင်ငံ၊ ဂျာလာလာဘတ်မြို့မှာ သူ့ရဲ့ ထောက်ပံ့ကူညီရေးယာဉ်ဆီ သွားနေတုန်း လက်နက်ကိုင်တစ်စုက တက်ဆုနာကာမူရာကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။

တက်ဆုနာကာမူရာ ကွယ်လွန်သွားခဲ့ပေမဲ့ သူရဲ့အမွေအနှစ်ကတော့ သူဖောက်ခဲ့တဲ့ ရေအေးလေးတွေလိုပဲ အာဖဂန်မြေပေါ်မှာ စီးဆင်းနေဆဲပါ။

“ဒါဟာ ပုံပြင်တစ်ပုဒ် မဟုတ်ပါဘူး။ သူရဲကောင်းအစစ်ဆိုတာ ပြဿနာကိုပဲ ဖြေရှင်းတာမဟုတ်ဘဲ ဘဝတွေကိုပါ အကောင်းဆုံး ပြောင်းလဲပေးနိုင်သူတွေဖြစ်ကြောင်း မီးမောင်းထိုးပြနေတဲ့သက်သေတစ်ခုပါပဲ”

Ref: Tetsu Nakamura

NZ (ရိုးရာလေး)

The post လူသားချင်းစာနာထောက်ထားမှုရဲ့ပြယုဂ် (သို့မဟုတ်) ဂျပန် ဆရာဝန် တက်ဆုနာကာမူရာ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post