မူးယစ်ဆေးစွဲနေတဲ့ အိမ်ရာမဲ့အဖြစ်ကနေ ဘွဲ့ ရခဲ့တဲ့ အမျိုးသမီး

ဗာဂျီးနီးယားဘာတန်က မူးယစ်ဆေးစွဲနေပြီး ထောင်ထဲ ဝင်ချည်၊ ထွက်ချည် ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးပါ။ သူ့ဘဝက အင်မတန် ကြမ်းတမ်းခဲ့တယ်။ သူ့အမေက မူးယစ်ဆေး စွဲနေပြီး ကိုယ်တိုင်လည်း မူးယစ်ဆေး ရောင်းတယ်။ သူ့အဖေကတော့ လက်နက်ကိုင် ဓားပြတိုက်မှုတွေကြောင့် သူ ၄ နှစ်သမီးအရွယ်မှာပဲ ထောင်ကျသွားတယ်။

အသက် ၆ နှစ်အရွယ်မှာ ဘာတန်ကို သူ့အမေက ဆေးခြောက်သုံးနည်း သင်ပေးတယ်။ အသက် ၁၂ နှစ်အရွယ်မှာ သူက မက်သာဖက်တာမင်း သုံးတတ်နေပြီး ၁၄ နှစ်သမီးအရွယ်မှာ ကိုကိန်း ရှုတတ်နေပြီ။ ၁၆ နှစ်အရွယ်မှာတော့ သူ့ဘဝအတွက် အဆိုးရွားဆုံး အခြေအနေတစ်ခု ကြုံခဲ့တယ်။ သူ့အမေဆီ ဆေးလာဝယ်နေကျ အမျိုးသားတစ်ယောက်က သူ့ကို အဓမ္မ ကျင့်ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် သူ့ကိုယ်သူ သတ်သေဖို့ ပထမဆုံးအကြိမ် ကြိုးစားခဲ့တယ်။ ၁၇ နှစ်သမီးအရွယ်မှာ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန် သူ့ရင်သွေးရဲ့ ဖခင်ကတော့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တယ်။

၂၁ နှစ်အရွယ်မှာ ဘိန်းဖြူ စထိုးနေပြီး ၂၃ နှစ်အရွယ်မှာတော့ သူက ဘိန်းဖြူစွဲနေပါပြီ။ အိမ်ရာမဲ့ဖြစ်လို့ လမ်းတွေပေါ် ရွက်ဖျင်ထိုးတဲပြီး အိပ်စက်ရတယ်။ ဘာတန်နဲ့ ဂျက်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဆေးသုံးချင်လာရင် မက္ကဆီကို မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို သေနတ်နဲ့ထောက်ပြီး လုယက်လေ့ရှိတယ်။ ဘာတန်က ထောင်ထဲ ရောက်သွားတဲ့အခါတိုင်း သူ့ဘဝကို ပြောင်းလဲပစ်ဖို့ အတွေးဝင်လေ့ရှိတယ်။ ဒါပေမဲ့ သူ့မှာ လုပ်နိုင်တဲ့ အဆက်အသွယ်၊ အင်အား မရှိလို့ ထောင်က ပြန်လွတ်တဲ့အခါတိုင်း သူ ကျင်လည်ရာရပ်ဝန်းဆီပဲ ပြန်ရောက်သွားစမြဲပါ။

ဒါပေမဲ့ ထရပ်ကားတစ်စီးကို ခိုးရင်း မိသွားတဲ့ ဖြစ်ရပ်မှာတော့ မူးယစ်ဆေးဖြတ်တဲ့ အစီအစဉ်မှာ သူ့ကို ထည့်သွင်းပေးဖို့ ဘာတန်က တောင်းဆိုခဲ့တယ်။ ဆေးဖြတ်ပြီးတဲ့နောက် ဘာတန်က ကျောင်းပြန်တက်တယ်။ ၂၀၁၈ ခုနှစ်မှာတော့ တောင်ပိုင်းဆီယက်တယ်ကောလိပ်မှာ ပြီးဆုံးခဲ့ပြီး ဝါရှင်တန်တက္ကသိုလ်မှာ ပညာသင်ယူခဲ့တယ်။

သူက နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ယူခဲ့ပြီး သူ့ရဲ့ဘဝအတွေ့အကြုံက ရလာတဲ့အသိကြောင့် ရာဇဝတ်သားတွေအတွက် တရားဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နိုင်ဖို့ အားစိုက်လေ့လာခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ ဘာတန်က ထရူးမန်းပညာသင်ဆု ဆွတ်ခူးခဲ့ပါတယ်။ ဒီဆုဟာ ပြည်သူ့ဝန်ဆောင်မှုပိုင်းဆိုင်ရာ ကျောင်းသားတွေရရှိသမျှ ပညာသင်ဆုတွေထဲမှာ ရနိုင်ဖို့ အခက်ခဲဆုံး ပညာသင်ဆုပါပဲ။ ၂၀၂၁ ခုနှစ်မှာတော့ သူက ဝါရှင်တန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ အရင်က အကျဉ်းသားအဖြစ် သူ ရောက်ရှိခဲ့တဲ့ ထောင်တွေရဲ့စနစ်ကို ပြင်ဆင်ပြောင်းလဲနိုင်ဖို့ ဘာတန်က ကြိုးပမ်းလျက်ရှိပါတယ်။

ဘာတန်ရဲ့ဖြစ်ရပ်ဟာ စိတ်ခွန်အားဖြစ်စေနိုင်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး ဆိုးရွားတဲ့ အခြေအနေ ကြုံရချိန်မှာတောင် ကိုယ့်ဘဝကို ပြောင်းလဲနိုင်စွမ်း ရှိသေးတယ်ဆိုတဲ့ ယုံကြည်မှုရှိဖို့ အရေးကြီးကြောင်း မီးမောင်းထိုးပြနေပါတယ်။

Ref: From 12-year-old meth addict to honors college scholar: The redemption of Ginny Burton

NZ (ရိုးရာလေး)

The post မူးယစ်ဆေးစွဲနေတဲ့ အိမ်ရာမဲ့အဖြစ်ကနေ ဘွဲ့ ရခဲ့တဲ့ အမျိုးသမီး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post