ဇွန်လ (၁၄) ရက်တွင် ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် MPT က ပုံမှန်ပြုလုပ်နေကျဖြစ်သည့် သွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ဇွန်လ (၂၀) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုသည် MPT ၏ (၁၆) ကြိမ်မြောက် သွေးလှူဒါန်းခြင်း လှုပ်ရှားမှုဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၀) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုရှိ MPT ဝန်ထမ်းများ နှင့် စေတနာသွေးလှူရှင် စုစုပေါင်း (၂၃၀) ကျော် သွေးလှူဒါန်းခဲ့ကြပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ဖော်ပြချက်အရ ပထမဆုံးအကြိမ် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကျင်းပသော (၅၈) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ အဆိုပါ နေ့ကို နှစ်စဉ်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာအခမ်းအနားအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါသည်။ သွေးလှူဒါန်းခြင်း၏ အရေးပါပုံကို အသိပညာပေးရန် နှင့် အသက်ပေါင်းများစွာကို ကယ်တင်ခြင်းနှင့် ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် စေတနာ့ဝန်ထမ်း သွေးလှူရှင်များ၏ တန်ဖိုးကြီးမားလှသော ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် ယခုအခါ ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ် ဇွန်လ ၁၄ ရက်တိုင်း ကျင်းပလျက်ရှိနေပါသည်။

အဆိုပါ ရည်ရွယ်ချက်နှင့်အညီ MPT သည် မြန်မာပြည်သူ ပြည်သားများ၏ အသက်များကို ကယ်တင်ရန်နှင့် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ မွန်မြတ်သော သွေးလှူဒါန်းခြင်းလှုပ်ရှားမှုကို MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပါဝင်မှုဖြင့် ၂၀၁၇ ခုနှစ်မှစတင်ကာ (၄) လတစ်ကြိမ် ဆောင်ရွက်လျက် ရှိပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Naoki SHIMANE က “MPT ရဲ့ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုဟာ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေသူတွေအတွက် တကယ့်ကို အကျိုးရှိစေပြီး လူမှုအသိုက်အဝန်းကို အထောက်အပံ့ဖြစ်စေတဲ့ မွန်မြတ်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ စေတနာသွေးလှူရှင်တွေ ပူးပေါင်းပါဝင်မှုနဲ့အတူ ဒီလိုမွန်မြတ်တဲ့ သွေးလှူဒါန်းခြင်းလှုပ်ရှားမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့တာ အခုဆိုရင် (၁၆) ကြိမ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့အထိ နိုင်ငံတစ်ဝန်းက ဆေးရုံတွေနဲ့ အမျိုးသားသွေးဌာနတွေကို သွေးအိတ်ပေါင်း (၉,၂၀၀) ကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့ဆောင်ရွက်တဲ့ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုမှာ ပါဝင်လှူဒါန်းခဲ့ကြတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက ဝန်ထမ်းတွေ စေတနာသွေးလှူရှင် တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မိမိတို့ရဲ့ ကိုယ်ကျိုးမဖက်ဘဲ အခုလို လိုအပ်တဲ့ သွေးလှူဒါန်း ပံ့ပိုးပေးခဲ့မှုတွေဟာ တခြားသူတွေရဲ့ ကျန်းမာရေးပိုမိုတိုးတက်ကောင်းမွန်ဖို့အတွက် တကယ့်ကို အရေးပါပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေး၊ ပညာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ်များ အပါအဝင် ကဏ္ဍအသီးသီးတွင် လူမှုအကျိုးပြုလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများအပါအဝင် အမျိုးမျိုးသော လှုမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများစွာတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိပြီး လူမှုအသိုက်အဝန်းအား ကူညီပံ့ပိုးပေးမှုအပေါ် ခိုင်မာသော ကတိကဝတ်ကို ပြသလျက်ရှိသည်။
သွေးလှူဒါန်း၍ လူအများ၏အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်း များနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
NZ ( ရိုးရာလေး)
The post MPT က ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတွင် (၁၆) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဆောင်ရွက် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment