အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ နာမည်ကျော်ဟောင်ကောင်မင်းသားကြီး တိုနီ လျန်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့က ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။
တိုနီလျန်နဲ့ သူ့ဇနီးတို့ဟာ သူတို့ရဲ့အင်စတာဂရမ်အကောင့်တွေမှာ ဘွဲ့နှင်းသဘင်အခမ်းအနားက အနီရောင်ဘွဲ့ဝတ်စုံနဲ့ တိုနီလျန်ရဲ့ဓာတ်ပုံတွေကို တင်ခဲ့တာပါ။ ဇနီးဖြစ်သူက “ဂုဏ်ယူပါတယ်…ဒေါက်တာလျန်”လို့ ရေးသားထားပါတယ်။
တိုနီလျန်က အခြားဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရတွေနဲ့အတူ ပါရဂူဘွဲ့ကို လက်ခံရရှိခဲ့တာပါ။ အဲ့ဒီဘွဲ့ရတွေထဲမှာ အင်န်ဗီဒီယာ (Nvidia) ကုမ္ပဏီတွဲဖက်တည်ထောင်သူနဲ့အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ်လည်း ပါဝင်ပါတယ်။ တိုနီလျန်က Doctor of Humanities ဘွဲ့ပေးအပ်ခံရတာပါ။
တိုနီလျန်က အိပ်မက်အကြီးကြီးမက်ဖို့နဲ့ လူ့အဖွဲ့အစည်းအပေါ်အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေပြုလုပ်ဖို့ အားပေးရင်း တက္ကသိုလ်ကျောင်းသားတွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်တယ်လို့ တက္ကသိုလ်က ပြောကြားထားပါတယ်။
တိုနီက “ကျွန်တော် သရုပ်ဆောင်လုပ်တာ ၄၂ နှစ်ရှိပါပြီ။ နည်းစနစ်နည်းနည်း၊ ရည်မှန်းချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကြိုးစားအားထုတ်မှုတွေ၊ ကံတရားနဲ့အတူ ကျွန်တော်ဆိုတာဖြစ်လာခဲ့တာပါ”လို့လည်း ဘွဲ့နှင်းသဘင်အခမ်းအနားမှာ အင်္ဂလိပ်လို ပြောကြားခဲ့ပါတယ်။
သရုပ်ဆောင်ကောင်းဖြစ်ဖို့ သူ့ရဲ့လျှို့ဝှက်ချက်ကိုလည်း အခုလိုပြောသွားခဲ့ပါတယ်။ “မင်း လန်းဆန်းတက်ကြွနေရမယ်…ဒါမှ မင်းမှာ အတ္တစိတ်မရှိမှာ။ အတွေ့အကြုံရင့်တဲ့သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို စိတ်ကူးယဉ်ကြည့်ပါ”တဲ့။
“မင်း လုပ်တဲ့အရာအပေါ်ချစ်ပါ။ စိတ်အားထက်သန်ပါ။ လွယ်ကူတဲ့လမ်းကြောင်းတစ်ခုတော့မဟုတ်ပေမဲ့ ငါ့အတွက် ဒါက ဆုလာဘ်ပါပဲ”လို့လည်း ဘွဲ့နှင်းသဘင်အခမ်းအနားက လူတွေကို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။
Ref: Actor Tony Leung receives honorary doctorate from Hong Kong university
WL (ရိုးရာလေး)
The post ဟောင်ကောင်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ မင်းသားကြီးတိုနီ လျန် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment