ပြင်ပဒေါ်လာစျေးအပြင် ဗဟိုဘဏ်ထုတ်ရောင်းတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေပါ မြင့်တက်လာ

အောက်တိုဘာလ ၂၄ ရက် ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ကျပ် ၄၇၀၀ ဝန်းကျင်ထိ ငွေလဲနှုန်းတွေ ပြန်လည် မြင့်တက်လာနေပါတယ်။

အောက်တိုဘာလဆန်းပိုင်းမှာ ဒေါ်လာဈေးက ၄၅၀၀ ကျပ် ပတ်ချာလည်ဈေးတန်းမှာ အတက်/အကျပ် ခပ်ပါးပါးသာ ရှိခဲ့ပေမယ့်

အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး တက်ရိပ်ပြန်ပြလာကာ ယနေ့အထိ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်စေရေးအတွက် FX Trading Platform ကနေ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်တွေကို နေ့တိုင်းနီးပါး ထုတ်ရောင်းပေးနေတာကို ထုတ်ပြန်ချက်အရ သိရပါတယ်။

သီတင်းကျွတ်ရုံးပိတ်ရက် အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ နိုင်ငံခြားငွေတွေ ဆက်တိုက်ထုတ်ရောင်းပေးခဲ့ပြီး ၄ ရက်တာအတွင်း ဒေါ်လာ ၄၇ သန်းကျော်၊ ထိုင်းဘတ် ၁၆၆ သန်းနဲ့ တရုတ်ယွမ် ၁ သန်းခွဲအထိ ရှိခဲ့ပါတယ်။

ဗဟိုဘဏ် ပါဝင်ရောင်းချပေးတဲ့ FX Trading Platform မှာလည်း နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်လာတာကို တွေ့ရှိရပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က တစ်ဒေါ်လာ ၃၅၃၂ ကျပ်၊ တရုတ်ယွမ်က ၄၉၈.၂ ကျပ်နဲ့ ထိုင်းဘတ်က ၁၀၇.၁ ကျပ် သတ်မှတ်ခဲ့ပေမယ့် အောက်တိုဘာ ၂၃ ရက်မှာတော့ တစ်ဒေါ်လာ ၃၅၆၄ ကျပ်၊ တရုတ်ယွမ်က ၅၂၂ ကျပ်နဲ့ ထိုင်းဘတ်က ၁၂၀ ကျပ်အထိ မြင့်တက်လာပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က ပြည်တွင်းဘဏ်အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်မှုအတွင်း တစ်ဒေါ်လာကို အမြင့်ဆုံး ၄၅၀၀ ကျပ်နှုန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဘဏ်တွေကနေ Customer တွေကို အမြင့်ဆုံး ဒေါ်လာငွေလဲနှုန်း ၄၅၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပါတယ်။

The post ပြင်ပဒေါ်လာစျေးအပြင် ဗဟိုဘဏ်ထုတ်ရောင်းတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေပါ မြင့်တက်လာ appeared first on .



Your new digest 49

Post a Comment

Previous Post Next Post