သိုက်ဆရာတွေ လှေပေါ်တင်တဲ့ အော်ဆီကို ‌Come Back နိုင်ပွဲယူတဲ့ ကိုရီးယား

အာရှဖလား ပွဲစဉ်ရေးဆွဲမှုအရ အင်အားကြီးတွေ ထိပ်တိုက်တွေ့ခဲ့တဲ့ တစ်ခြမ်းဖြစ်တဲ့ တောင်ကိုရီးယားအသင်းနဲ့ ဩစတေးလျတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာတော့ ခံစစ်အသားပေးလွန်းခဲ့ပြီး ဒုတိယပိုင်းမှာ သိုက်ဆရာတွေ လှေပေါ်တင်မိသလို လူစားလဲခဲ့တဲ့ ဆော်ကာရူးစ်နည်းပြ ဂရေဟမ် အာနိုးလ်ဒ်ရဲ့ အမှားကြောင့် ကလင်းစမန်းရဲ့လူတွေက Come Back နိုင်ပွဲနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပါတယ်။

ပွဲစကတည်းက ကိုရီးယားတို့ ဘောလုံးကိုင်ကစားနေခဲ့ပြီး ကွင်းတစ်ခြမ်းလောက် စိုးမိုးထားခဲ့ပေမယ့် ကွင်းလယ်အထိုင်တွေရဲ့ ဘောလုံးဖြန့်ပုံတွေက အချိုးမပြေခဲ့သလို အပေးအကမ်းတွေက စိတ်ပျက်စရာဖြစ်နေတဲ့အတွက် တိုက်စစ်ဇုန်မှာ အခွင့်အရေး ဖန်တီးနိုင်ခြင်းမရှိဘဲ ပထမပိုင်းမှာ ခံစစ်ချည်း ထိုင်ကစားခဲ့တဲ့ အော်ဆီတို့ဘက်ကို ကန်ခွင့်မရဘဲဖြစ်နေခဲ့တာပါ။

ဆော်ကာရူးစ်တို့ကတော့ တန်ပြန်တိုက်စစ်ဆင်တိုင်း ကြုံသလို အနေအထားကနေ ကန်သွင်းနိုင်ဖို့ ကြိုးစားနေခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ အဖွင့်ဂိုး ရယူသွားခဲ့သလို ကိုရီးယားကွင်းလယ်လူ ဟွမ်းအင်ဘွမ်ရဲ့ လူပေးမှားမှုကနေ ညာခြမ်းကို ချပေးလိုက်တဲ့ ဘောလုံးကို နောက်ခံအစွန်လူ အက်ကင်ဆန်က ဂိုးရှေ့ကို ပြန်မ,ပေးရာမှာ တိုက်စစ်မှူး ဂွတ်ဒ်ဝင်းက Volley စိတ်ကြိုက်ကန်သွင်းသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ကိုရီးယားတို့ပဲ ဖိကစားခဲ့ပြီး ကွင်းလယ်အချိတ်အဆက် မိလာခဲ့ပေမယ့် တိုက်စစ်မှူး ချိုဂွယ်ဆောင်းက အော်ဆီနောက်တန်းကို မကျော်နိုင်ခဲ့လို့ လီဂန်းအင်း၊ ဟွမ်းဟီးချန်း၊ ဆွန်ဟောင်မင်တို့နဲ့ တွဲမရဘဲ စိတ်ပျက်ခဲ့ရသလို သူ့အစား ဘွန်ဒက်စ်လီဂါကလပ် မိုင့်ဇ်မှာ ကစားနေတဲ့ လီဂျယ်ဆောင်းကို ထည့်တော့မှ ဘယ်သူကမှ တိုက်စစ်မှူးမလုပ်ဘဲ ကြုံသလို False 9 ကစားတဲ့ အိုပါးတို့ နည်းနည်း ရေချိန်မှန်လာခဲ့တာပါ။

ဒီအချိန်မှာ တစ်ဂိုးနဲ့ ပိတ်ကစားဖို့ ဆုံးဖြတ်လိုက်ပုံရတဲ့ ဂရေဟမ် အာနိုးလ်ဒ်ကတော့ ခြေစွမ်းပြခဲ့တဲ့ အက်ကင်ဆန်၊ ဂွတ်ဒ်ဝင်း၊ မက်ကာ့လ်ဖ်၊ ဘက်ကပ်စ်နဲ့ ဘွိုင်းလ်တို့အစား သိုက်ဆရာတွေ လှေပေါ်တင်မှုအဖြစ် မီးလား၊ ဂျုခ်၊ မက်ဂရီး၊ ဘားဂျက်စ်နဲ့ အိုနီးလ်တို့ကို ထည့်သွင်းခဲ့ရာမှာ ကိုရီးယားတို့ စိတ်ကြိုက်ပြေးလွှားခွင့်ရခဲ့ပြီး ဂျုခ်ရဲ့ အနီးကပ် ခေါင်းတိုက်ချက် တိုင်ဘေးက ထွက်သွားအပြီးမှာတော့ ပွဲက သူတို့ဘက် ရှိမနေတော့ဘဲဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ ကိုရီးယားတို့ ပင်နယ်တီရသွားခဲ့ပြီး ဒီဖြစ်ရပ်မှာတော့ ဘယ်ခြမ်းကနေ ဧရိယာထဲ တိုးဝင်လာတဲ့ ဆွန်ဟောင်မင်ကို ခပ်တုံးတုံး ဖျက်ထုတ်တဲ့ သိုက်ဆရာလေး မီးလားကြောင့် VAR ရော ဘာသာရေးကိုင်းရှိုင်းပုံရတဲ့ နဖူးမှာ ဇာဘီဘာ အမာရွတ်ကြီးနဲ့ အိုမန်ဒိုင်ကပါ အတည်ပြုခဲ့လို့ ဒီအခွင့်အရေးကို ၉၀+၆ မိနစ်မှာ ဟွမ်းဟီးချန်းက အပြင်းကန်သွင်းပြီး အော်ဆီဂိုးသမား ရိုင်ယန်ကို အနိုင်ယူသွားခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ သရေကျနေခဲ့တာပါ။

အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားရာမှာတော့ ကိုရီးယားတို့က တောင်ပံတွေကို ပိုအားပြုခဲ့သလို ပွဲချိန် ၁၀၄ မိနစ်မှာတော့ အနိုင်ဂိုးရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ စောစောက ပင်နယ်တီပေးခဲ့တဲ့ သိုက်ဆရာလေး မီးလားရဲ့ ဟွမ်းဟီးချန်းကို ဖျက်ထုတ်မှုကြောင့်ပဲ ပေးခဲ့ရတဲ့ ဖရီးကစ်ကနေ ဆွန်ဟောင်မင်က ဘယ်ဘက်ထောင့်ထဲကို လှလှပပ တိုက်ရိုက်ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၀၅ မိနစ်မှာတော့ ဟွမ်းဟီးချန်းရဲ့ ခြေကျင်းဝတ်ကို ခပ်ကြမ်းကြမ်းဖျက်ထုတ်ခဲ့တဲ့ နောက်ထပ် သိုက်ဆရာတစ်ဦးဖြစ်တဲ့ အိုနီးလ်တစ်ယောက် VAR အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အော်ဆီတို့ ၁၀ ယောက်နဲ့ ဘဝခါးသွားခဲ့ကြပြီး ကိုရီးယားတို့က ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ကြချိန်မှာ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့လို့သာ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပွဲသိမ်းခဲ့ရတာပါ။

ဒီနိုင်ပွဲကြောင့် တောင်ကိုရီးယားတို့အနေနဲ့ ရှုံးထွက်အဆင့်မှာ ဆော်ဒီကို နောက်ကျဂိုးနဲ့ သရေယူပြီး ပင်နယ်တီနဲ့ ကျော်ဖြတ်ခဲ့အပြီးမှာ နောက်ထပ် ဒရာမာ တစ်ခုဖြစ်တဲ့ အင်အားကြီး ပြိုင်ဘက် ဩစတေးလျတို့ကို ထပ်မံကျော်ဖြတ်နိုင်ခဲ့တာကြောင့် သူတို့ရဲ့ Champion Luck ကို လျှော့တွက်လို့ မရဘဲစေဘဲဖြစ်ခဲ့ပြီး လာမယ့် ဆီမီးဖိုင်နယ်မှာတော့ ဂျော်ဒန်နဲ့ ကစားရမှာဖြစ်တာကြောင့် ဗိုလ်လုပွဲရောက်ဖို့ များနေခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post သိုက်ဆရာတွေ လှေပေါ်တင်တဲ့ အော်ဆီကို ‌Come Back နိုင်ပွဲယူတဲ့ ကိုရီးယား first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post