လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကယ်လေဟာ၊ ခံစစ်မှာ မာတစ်ပ်၊ ဂျိုးဂိုမက်ဇ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ လုခ် ချိမ်းဘားစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ ကားတစ်ဂျုံးစ်နဲ့ ဂရာဗင်ဘာ့ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဲလီးယော့၊ ဂျိုတာနဲ့ ဒါဝင် နူးညက်ဇ်တို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ပြင်သစ်ကလပ် တူးလူးစ်တို့ကတော့ ဂိုးသမား ရက်စ်တေးစ်၊ ခံစစ်မှာ နီကိုလိုင်ဆန်၊ ကော့စတာ၊ ဒီယာရာ၊ ဒက်ဆလာနဲ့ ဆွာဇိုတို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဆီယဲရိုး၊ ရှမစ်ဒ်နဲ့ ကက်ဆာရေးစ် ဂျူနီယာတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဒွန်းနမ်းနဲ့ ဒယ်လင်ဂါတို့ကို ကစားစေခဲ့တာပါ။
ပွဲချိန် ၉ မိနစ်မှာကတည်းက လီဗာပူးလ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဂျိုးဂိုမက်ဇ် ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ကွင်းလယ်မှာ ပြန်ရခဲ့တဲ့ ဂျိုတာက တူးလူးစ်ကွင်းလယ်နဲ့ ခံစစ်သမားတွေကြားက တစ်ကိုယ်တော် ဆွဲပြေးပြီး လိုက်ဖျက်နေကြတဲ့ကြားက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဘယ်ဘက်ကို ချိုးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၆ မိနစ်မှာတော့ တူးလူးစ်တို့ ပြန်လည်ချေပသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒွန်းနမ်း ပြန်ရလာပြီး လူကျွံဘောဖမ်းပုံ မသေသပ်တဲ့ လီဗာပူးလ်ခံစစ်ကြားကနေ ခင်းပေးခဲ့တာကို ညာတောင်ပံက ပြေးထွက်လာခဲ့တဲ့ ဒယ်လင်ဂါက ဂိုးသမား ကယ်လာဟာရဲ့ တည့်တည့်ကို ကန်သွင်းခဲ့ရာမှာ ကာကွယ်ပုံညံ့ဖျင်းလို့ အောက်ကနေ ဝင်သွားခဲ့တာပါ။
ပွဲချိန် မိနစ် ၃၀ မှာ လီဗာပူးလ်တို့က ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ကားတစ်ဂျုံးစ်က နောက်ပြန်ပေးရာမှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို တူးလူးစ်နောက်ခံလူတွေကြားနေ ဂျပန်သား အန်ဒိုက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၃၄ မိနစ်မှာ လီဗာပူးလ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂရာဗင်ဘာ့ချ် တောက်လျှောက် ဆွဲပြေးပြီး ဧရိယာထိပ်ရောက်မှ ညာဘက်ကို ပြန်ချိုးပေးရာမှာ ကားတစ်ဂျုံးစ်က ဘီးကုပ်ထိပ်ကနေ ကန်သွင်းခဲ့ပေမယ့် လူထိပြီး ဘယ်ခြမ်းကို ကျလာတဲ့ ဘောလုံးကို ဒါဝင် နူးညက်ဇ်က ဂိုးခေါင်မိုးထဲကို အပြင်းကန်သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။
ဒုတိယပိုင်း ပြန်စစချင်းမှာ ဂိုးသမား ကယ်လေဟာရဲ့ လဒူကျလွန်းတဲ့ ပေးပို့မှုက တူးလူးစ်ရှေ့တန်းနဲ့ ထိပြီး ပြန်ရသွားခဲ့တာကို ဒယ်လင်ဂါက မကန်ဘဲ ဘယ်ဘက်ကို ခင်းပေးရာမှာ ဘယ်နောက်ခံလူ ဆွာဇိုက ပြေးပြီး အနိမ့်ဘော ကန်သွင်းခဲ့ပေမယ့် ခပ်တုံးတုံး ကန်ချက်က ဂိုးစည်းပေါ်မှာ အလယ်တည့်တည်တောင် မဟုတ်ဘဲ ကံစွပ်ကံငြား နေရာယူထားတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို သွားမှန်ခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရပါတယ်။
ပွဲချိန် ၆၅ မိနစ်မှာတော့ အိမ်ရှင်တွေပဲ စတုတ္ထဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဂျိုတာ ခင်းပေးခဲ့တာကို ဒါဝင် နူးညက်ဇ်က ဂိုးသမားကိုပါ ကျော်ဖြတ်ပြီး ကန်သွင်းခဲ့ပေမယ့် ခြေမှန်ပြန်ပေါ်ပြီး တိုင်ထိခဲ့လို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို နောက်က ပါလာခဲ့တဲ့ ဂရာဗင်ဘာ့ချ်က ထပ်ရပြီး ဂိုးသမားကို လိမ်ခေါက်ကန်သွင်းသွားနိုင်ခဲ့တာပါ။
ဒီနောက်မှာတော့ လီဗာပူးလ်တို့ဘက်က ဒါဝင် နူးညက်ဇ်၊ ချိမ်းဘားစ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဂရာဗင်ဘာ့ချ်နဲ့ ကားတစ်ဂျုံးစ်တို့အစား စကန်လွန်၊ ကွမ်ဆား၊ ဂက်ခ်ပို၊ ဆာလားနဲ့ မက်ကွန်းနဲလ်တို့ကို ထည့်သွင်းသွားခဲ့ကြပြီး အနားပေးမှုနဲ့ အပြောင်းအလဲတွေကို နည်းပြ ကလော့ပ်က လုပ်ဆောင်လာခဲ့ပါတယ်။
နာကျင်အချိန်ပို ၃ မိနစ်မှာတော့ လီဗာပူးလ်တို့အတွက် အချိုပေါ် သကာလောင်းစေမယ့် ပဉ္စမဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်က ဂျိုတာ ရယူပြီး ဧရိယာထဲကို ချိုးပေးတာကို ဂက်ခ်ပိုက ခေါက်ဖို့ လုပ်ပေမယ့် လူထိပြီး ကျန်ခဲ့တဲ့ ဘောလုံးကို ဆာလားက ဘယ်ခြေနဲ့ အယောင်ပြပြီးမှ ညာခြေနဲ့ ကျုံးထည့်လိုက်လို့ ဂိုးဖြစ်သွားခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ ဆာလားရဲ့ ဥရောပဂိုး ၄၃ ဂိုးမြောက်နဲ့ အင်္ဂလန်အခြေစိုက် ကလပ်အသင်းတွေထဲမှာ အများဆုံး စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဂိုးနဲ့အတူ လီဗာပူးလ်တို့က တူးလူးစ်တို့ကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး ယူရိုပါလိဂ်မှာ အုပ်စုတက်ဖို့ သုံးပွဲဆက်နိုင်ပွဲနဲ့ အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post အန်းဖီးလ်မှာ တူးလူးစ်ကို ဖမ်းတီးပြီး အုပ်စုကို ဆက်လက်ဦးဆောင်တဲ့ လီဗာပူးလ် first appeared on Sports A2Z.
Your new digest 50
Post a Comment