သခင်ကြီးရဲ့ ဟက်ထရစ်နဲ့ အိမ်ကွင်းမှာ ရှက်ဖီးလ်ဒ်ကို ငါးခါဖြဲခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ အသင်းကို အတော်လေး အပြောင်းအလဲလုပ်ခဲ့သလို ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ကီဗီယာနဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဟာဗတ်ဇ်နဲ့ စမစ်ရိုးတို့ကို အသုံးပြုခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နည်းပြ ပြုတ်စော်နံနေတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကတော့ ဂိုးသမား ဖိုဒါရင်ဂမ်၊ ခံစစ်မှာ ထရပ်စ်တီ၊ ရော်ဘင်ဆန်၊ ဘိုဂယ်လ်နဲ့ သောမတ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဗီနီးရှပ်စ် ဆူဇာ၊ နော်ဝုဒ်၊ မက္ကာတီးနဲ့ ဆလီမာနီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟေမာနဲ့ ဘရူးစတားတို့ကို တွဲဖက်ပေးခဲ့တာပါ။

အာဆင်နယ်တို့ ပွဲစတာနဲ့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ရှက်ဖီးလ်ဒ်ရဲ့ ခံစစ်မှာပဲ အနေများခဲ့တဲ့ ဗျူဟာနဲ့ သူတို့ကိုယ်တိုင်ရဲ့ တိုက်စစ်ကို အလျင်စလို မသွားဘဲ စိတ်ရှည်သည်းခံလွန်းတဲ့ ချဉ်းကပ်ပုံတွေကြောင့် ပွဲအစ ၂၅ မိနစ်လောက်က ကြည့်မကောင်းခဲ့ဘဲ နည်းပြ အာတီတာကိုယ်တိုင် ဒေါသထွက်ပြီး အော်ဟစ်ခဲ့ရတဲ့အထိလည်း ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဆာကာက အတွင်းကို ပြန်ထည့်ပေးလိုက်တဲ့ ဘောလုံးကို ရိုက်စ်က ဧရိယာထဲကို အနိမ့်ဘော လှမ်းချိုးပေးရာမှာ ရှက်ဖီးလ်ဒ်နောက်ခံလူ ထရပ်စ်တီ မတားနိုင်လိုက်တာကြောင့် လက်ခံရရှိသွားခဲ့တဲ့ နကီးတီးယားက ဂိုးသမားနဲ့ တစ်ဦးချင်း အနေအထားမှာ အပိုင်ကန်သွင်းသွားခဲ့တာပါ။

ဒီနောက်မှာ ရှက်ဖီးလ်ဒ်တိုက်စစ်တွေကို ဆာလီဘာ ဦးဆောင်တဲ့ နောက်တန်းက ဖြတ်တောက်တားဆီးသွားနိုင်ခဲ့လို့ အာဆင်နယ်တို့ ကွင်းလယ်မှာ စိတ်ကြိုက် ကစားခွင့် ရခဲ့ပေမယ့် မာတီနယ်လီရဲ့ အခွင့်အရေးကို ဂိုးသမား ပုတ်ထုတ်သွားခဲ့သလို စမစ်ရိုးကလည်း ညံ့ဖျင်းနေခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းက ထောင့်ကန်ဘောကို ဆာကာ ကန်တင်ပေးရာမှာ ကာထားခဲ့တဲ့ ဘန်ဝှိုက်ကြောင့် သေချာ မပုတ်နိုင်ခဲ့တဲ့ ဂိုးသမား ဖိုဒါရင်ဂမ်ရဲ့ အားနည်းမှုကနေ ကျလာတဲ့ ဘောလုံးကို နကီးတီးယားကပဲ အနီးကပ် ကန်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ နကီးတီးယားကပဲ သူ့အတွက် ဟက်ထရစ် ရစေမယ့် တတိယဂိုးကို အာဆင်နယ်တို့အတွက် သွင်းယူပေးခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ မာတီနယ်လီဆီက ဘောလုံးကို စမစ်ရိုးက ရှေ့ကို ပေးခဲ့ရာမှာ နကီးတီးယားက ဂိုးကို ကျောပေးထားတဲ့ အနေအထားကနေ တစ်ပတ်လှည့်ပြီး ဘယ်ဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းနိုင်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်က ဝဲလ်ကော့နောက်ပိုင်း အင်္ဂလန်သားတစ်ဦးရဲ့ ပထမဆုံး ဟက်ထရစ်လည်း ဖြစ်လာခဲ့ပါတယ်။

ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က မာတီနယ်လီ၊ ဘန်ဝှိုက်၊ ဆာကာ၊ စမစ်ရိုးနဲ့ ရိုက်စ်တို့အစား ထရော့ဆတ်၊ တိုမီယာစု၊ နယ်လ်ဆန်၊ ဖာဘီယို ဗီယာရာနဲ့ အယ်လ်နန်နီတို့ကို ထည့်သွင်းကစားခဲ့ကြပြီး ရှက်ဖီးလ်ဒ်တို့ကတော့ ဘရူးစတား၊ ဆလီမာနီ၊ ဘိုဂယ်လ်၊ မက္ကာတီးနဲ့ ဟေမာတို့အစား အာချာ၊ အော့စ်ဘွန်း၊ ဘောလ်ဒေါ့ခ်၊ ဖလက်ခ်နဲ့ အွန်နေးတို့ကို ပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ အာဆင်နယ်တို့ စတုတ္ထအနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရှက်ဖီးလ်ဒ်တို့ လူပေးမှားရာကနေ ဖြတ်ယူပြီး ဧရိယာထဲကို ပြေးဝင်ခဲ့တဲ့ ဖာဘီယို ဗီယာရာကို နော်ဝုဒ်က နောက်ကနေ ခြေချိတ်ခဲ့တာကြောင့် VAR အကြိမ်ကြိမ် ပြန်ကြည့်ပြီး မပေးချင် ပေးချင် ပေးခဲ့ရတဲ့ ပင်နယ်တီကို ပေါ်တူဂီသားက သူကိုယ်တိုင်ပဲ အောင်အောင်မြင်မြင် လှည့်စားကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁၀ မိနစ်အထိ ပေးခဲ့တဲ့ ပွဲရဲ့ ပွဲချိန် ၉၆ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ပဉ္စမမြောက်ဂိုးကို ရရှိခဲ့ပြီး နကီးတီးယားကြောင့် ရတဲ့ ညာထောင့်ကန်ဘောကို ဖာဘီယို ဗီယာရာ ကန်တင်ပေးခဲ့ရာမှာ အယ်လ်နန်နီက နောက်ကို ခေါင်းရှပ်တိုက်ပြီး ချပေးခဲ့တဲ့ ဘောလုံးကို ဂိုးရှေ့မှာ ရှုပ်ယှက်ခတ်နေတုန်း တိုမီယာစုက ခြေထောက်ဦးပြီး ကန်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကို ငါးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ရမှတ် ၂၄ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ ပြုတ်စော်နံနေတဲ့ နည်းပြ ဟက်ကင်းဘော့တွမ်ရဲ့ ဘလိတ်ဓားတွေကတော့ ရမှတ် ၁ မှတ်နဲ့ ဇယား အောက်ဆုံးမှာ ကျောက်ချနေခဲ့ကြပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post သခင်ကြီးရဲ့ ဟက်ထရစ်နဲ့ အိမ်ကွင်းမှာ ရှက်ဖီးလ်ဒ်ကို ငါးခါဖြဲခဲ့တဲ့ အာဆင်နယ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post