ကျွန်တော်နဲ့ ထူးဆန်းသော သစ်သားရုပ်ထုလေး (အပိုင်း ၅)
တောင်တွေးမြောက်တွေးနဲ့ မှေးကနဲ တစ်ချက်အဖြစ်မှာ ကျနော့်ကုတင် သိမ့်ကနဲ ဖြစ်သွားသလို ခံစားလိုက်ရလို့ မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်တော့ မတွေ့တာကြာပြီဖြစ်တဲ့ လူနီကြီးကို ဝိုးတဝါး မြင်လိုက်ရတယ်။ ပင်ပန်းထားတဲ့အရှိန်နဲ့ လူက မူးတူးဝေတေကြီး။ သေသေချာချာ မမြင်ရသလိုလို ဖြစ်နေတယ်။ ရောင်ထုံးကြီးနဲ့ လူနီကြီးရဲ့ မျက်နှာက အခါတိုင်းနဲ့ မတူသလိုလို။ တစ်ခုခုကို ပူပန်နေသလိုလို ဘာလိုလိုကြီးဗျ။
“ဟေ့လူ! ဘာမှထပ်ပြီး ဒုက္ခမပေးပါနဲ့တော့ဗျာ တော်လောက်ပါပြီ”
“ဒီမယ်.. အခုနောက်ပိုင်း ကျုပ် ဘယ်မိန်းကလေးကိုမှ စိတ်ထဲက မပစ်မှားရဲဘူး..။ ခင်ဗျားရောက်လာပြီး အတင်းခေါ်သွားမှာ ကြောက်လွန်းလို့ ဘယ်မိန်းမဖင်ကိုမှ မျက်စိမကစားရဲတာကြာပါပြီ..။ ကျုပ်ဖာသာကျုပ် အိပ်ပါရစေဗျာ..တောင်းပန်ပါတယ်..”
“အခု ဒီအရုပ်ကို စတိုထဲက ပြန်ထုတ်လာတာကလည်း မနက်မိုးလင်းတာနဲ့ မီးရှို့ပစ်လိုက်ဖို့ တွေးမိလို့ဗျ..။ ခင်ဗျားကိုလည်း လွတ်ရာကျွတ်ရာ သွားနိုင်အောင် ဆွမ်းသွပ်ပေးပါ့မယ်ဗျာ..”
ကျနော် ဘယ်လောက်ပဲ တောင်းပန်တောင်းပန် မရဘူးဗျ။ ရုတ်တရက် ပက်လက်အိပ်နေရာက ဆတ်ကနဲ ထထိုင်မိပြီး ထုံးစံအတိုင်း လူက ပေါ့ပေါ့ပါးပါး သွက်လက်ဖြစ်စပြုလာပြန်ပြီ။ အသိစိတ်က လုံး၀မလွှတ်ပေမယ့် ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မဟုတ်တော့ဘူး။
“ဟိုင်းရားး”
ပါးစပ်က အကျယ်ကြီး မအော်မိပေမယ့် နှုတ်ခမ်းလှုပ်ရုံကလေး အော်ရင်း အိမ်ပြူတင်းပေါက်ကနေ ကျနော် ဂျွမ်းပစ်ပြီး ခုန်ထွက်သွားပြန်ပြီ။ မိုးရေတွေစိုစွတ်နေဆဲ ကတ္တရာလမ်းမပေါ်မှာ ဖိနပ်မပါ ခြေဗလာနဲ့ လေပွေတစ်ခုလို ရွှတ်ကနဲ ရွှတ်ကနဲ ကျနော်ပြေးနေတယ်။ ကျနော် ဘယ်ကိုသွားနေမှန်း ကျနော်မသိဘူး။ ဒါပေမယ့် မကောင်းမှုတစ်ခုကို ဆက်ပြီး ကျူးလွန်ရတော့မယ်ဆိုတာတော့ သေချာနေပြန်ပြီ။ ငြင်းဆန်လို့လည်း မရ၊ ရုန်းကန်လို့လည်း မရတဲ့ အခြေအနေမှာ ဒီဂြိုဟ်မွှေတဲ့အရုပ်ကို စတိုထဲက ပြန်ထုတ်ပြီး ကြည့်လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိတယ်။
ကတုတ်ကျင်းတွေ.. သံဆူးကြိုးတွေကို လွှားကနဲလွှားကနဲ ပျံဝဲခုန်ကျော်နေမိတာကိုတော့ သတိထားမိပေမယ့် ဘယ်ရောက်နေလဲ သေသေချာချာ မသိဘူးဗျ။ တောင်ကုန်းတစ်ခုကို လမ်းလိမ်လိမ်ကလေးတွေ ပတ်ထားတဲ့နေရာဆိုတာ သတိထားလိုက်မိမှ ဟိုက်ကနဲ ဖြစ်သွားတယ်။ ဒါမြို့အစွန်က စစ်တပ်ကြီးဗျ။ မြစ်ကမ်းပါးအစွန်း ခြောက်ကမ်းပါးမှာ မှေးတင်ထားတဲ့ နှစ်ထပ်အဆောက်အအုံမည်းမည်းကြီး ရှေ့ ရောက်တော့ အလိုလိုရပ်လိုက်မိတယ်။ အထပ်ထပ်ချထားတဲ့ ကင်းတွေကို ကျနော် ဘယ်လိုဖြတ်ခဲ့မိတာလဲ နားမလည်တော့ပါဘူး။ ပြီးတော့ ဒီအထဲကို လူနီကြီးက ကျနော့်ကိုဘာဖြစ်လို့ ခေါ်လာပြန်တာလဲ စဉ်းစားလို့မရဘူးဗျ။
နှစ်ထပ်အဆောက်အဦးကြီးပေါ်ကို ဘေးဖက်က လှေကားအတိုင်း ကျနော် ပြေးတက်သွားမိတယ်။ တံခါးမကြီးက စေ့ရုံစေ့ထားတော့ အသာအယာ တွန်းဖွင့်လိုက်တာနဲ့ ပွင့်သွားတယ်။ ဝါကျင့်ကျင့် ၄၀ အား မီးရောင်အောက်မှာ ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်အပေါ်ထပ်။ အဲ့ဒီအလယ်တည့်တည့်မှာ ဧည့်ခန်းတွေမှာ ထားလေ့ထားထရှိတဲ့ ၃ ချောင်းထောက် ပီယာနိုကြီးတစ်လုံး။
Post a Comment