နှလုံးရောဂါဖောက်လာတဲ့သူကို ကယ်တင်ခဲ့တဲ့ ခွေးလေး ဂုဏ်ပြုလက်မှတ်ရရှိခဲ့

ဂျပန်နိုင်ငံက ခိုအူမဲလို့ အမည်ရတဲ့ ၅ နှစ်သားခွေးလေးတစ်ကောင်ဟာ နှလုံးရောဂါထဖောက်တဲ့အမျိုးသားတစ်ဦးရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ခိုအူမဲအပြင် Chiba Riding Park က ဝန်ထမ်းတစ်ဦးကလည်း သီးသန့်အခမ်းအနားတစ်ခုမှာ ဝါခါဘာမီးသတ်ဌာနရဲ့ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံခဲ့ရပါတယ်။

မြင်းစီးကလပ်ရဲ့ပြောကြားချက်အရ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က မြင်းစီးသင်တန်းကျောင်းမှာ သတိလစ်သွားခဲ့တာလို့ သိရပါတယ်။ အဲ့ဒီအမျိုးသားက မြင်းစီးပြီးတဲ့နောက်မှာ နေလို့မကောင်းသလို ခံစားခဲ့ရတဲ့အတွက် သူ့ကားထဲမှာ အနားယူဖို့ လုပ်ခဲ့တာပါ။ အဲဒီနောက်မှာ နှလုံးရောဂါထဖောက်ပြီး သတိလစ်သွားခဲ့တာပါ။ အဲဒီအမျိုးသားနောက်လိုက်နေခဲ့တဲ့ ခိုအူမဲက ကျယ်လောင်စွာ ဟောင်ပြီး အခြားသူတွေကို အသိပေးခဲ့ပါတယ်။

ခိုအူမဲရဲ့ဟောင်သံကြောင့် အဲဒီအမျိုးသားရဲ့အခြေအနေကို သိသွားခဲ့တဲ့ ဝန်ထမ်းတစ်ယောက်က အရေးပေါ်လူနာတင်ကားကို ခေါ်နိုင်ခဲ့ပြီး အဲဒီအမျိုးသားကို ဆေးဘက်ဆိုင်ရာအဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသားက အသက်ရှင်ခဲ့ပြီး မြင်းစီးကလပ်ကိုလည်း ပြန်လာနေပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ခိုအူမဲက အမြဲလိုလိုငြိမ်ငြိမ်လေးနေတတ်တဲ့ခွေးဖြစ်ပြီး ဖြစ်တောင့်ဖြစ်ခဲအခြေအနေတွေမှာသာ ဟောင်သံပေးတယ်လို့ မြင်းစီးနည်းပြ ယူနာ မာရူအိုက ပြောပါတယ်။ မြင်းတစ်ကောင်ထွက်ပြေးတာကိုလည်း ဟောင်ပြီးတော့ အခြားသူတွေကို အသိပေးခဲ့ဖူးလို့လည်းဆိုပါတယ်။ မြင်းစီးကလပ်က ကလပ်အဖွဲ့ဝင်တွေကို ကြိုဆိုဖို့ ခွေးမလေးတွေကို လာဘ်ကောင်တွေအဖြစ် နှစ်တော်တော်ကြာ အသုံးပြုခဲ့တာပါ။

Ref: Dog in Japan saves heart attack victim with its barking, gets certificate

WL(ရိုးရာလေး)

The post နှလုံးရောဂါဖောက်လာတဲ့သူကို ကယ်တင်ခဲ့တဲ့ ခွေးလေး ဂုဏ်ပြုလက်မှတ်ရရှိခဲ့ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post