ဟာလန်းရဲ့ ကြံ့ခိုင်မှုနဲ့ ဖလားတိုက်ပွဲအတွက် သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက အာလင်း ဟာလန်းဟာ ဆောက်သမ်တန်နဲ့ ကစားရမယ့် ယနေ့ပွဲစဉ်အတွက် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ပါဝင်ကစားပေးသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ လီဗာပူးလ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပေမယ့်လည်း နော်ဝေတိုက်စစ်မှူးဟာ ပြန်ကောင်းနေပြီဖြစ်ပြီး ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီမှာ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၂၆ ပွဲမှာ ၂၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး မန်စီးတီးဟာ အာဆင်နယ်ရဲ့ ဦးဆောင်မှုကို လျှော့ချနိုင်ဖို့အတွက် ၁၀ ပွဲသာ ကစားဖို့ ကျန်တော့တာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဒုတိယနေရာ မန်ချက်စတာစီးတီးထက် ၁ ပွဲပို ၈ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မန်စီးတီးက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ရာသီမှာ ၄ ကြိမ်အထိ ချန်ပီယံဖြစ်ခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့မှာ အာဆင်နယ်ကို ဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် ဂွါဒီယိုလာက စိန့် မေရီကို သွားရမယ့် ခရီးမတိုင်ခင် ကစားသမားတွေကို သတိပေးခဲ့တာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post