နောက်ဆုံးမိနစ်မှာ သစ်ပင်ခုတ်တဲ့ အီဆက်ခ်ကြောင့် အဆင့် ၄ ကို ပြန်မှန်းတဲ့ ငှက်ကျား

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာဖီ၊ စန်မက်ဇီမန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် နော့တင်ဟမ်ဖောရက်စ်တို့ကတော့ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ အော်ရီယေး၊ နီယာခါတေ၊ ဖလိပီနဲ့ ရီနန် လိုဒီတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ယိတ်စ်၊ ရှယ်လ်ဗီနဲ့ ဂစ်ဘ်စ်-ဝှိုက်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဘရင်နန် ဂျွန်ဆန်၊ ဒင်းနစ်နဲ့ အာယူးတို့ကို တွဲဖက်ကစားစေခဲ့တာပါ။

နယူးကာဆယ်လ်တို့အနေနဲ့ စီးတီးဂရောင်းမှာ ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူပြီး ထိန်းချုပ်ကစားသွားနိုင်ခဲ့လို့ အိမ်ရှင်တွေအနေနဲ့ ကောင်တာကစားဖို့ကိုပဲ ရွေးချယ်ခဲ့ရပေမယ့် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ကွင်းလယ်လူ ရှယ်လ်ဗီနဲ့ တိုက်စစ်မှူး အာယူးတို့လို ဝါရင့်တွေကို တည်ပြီး ပါးပါးနပ်နပ် ရင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ထရစ်ပီယာရဲ့ ဖရီးကစ်ကို မကန်ဘဲ ဧရိယာထဲကို လှိမ့်ပေးတာကနေ အီဆက်ခ် ကန်သွင်းခဲ့တာကို ရီနန် လိုဒီ ဖျက်ရာမှာ ဘားထိထွက်ခဲ့လို့ ဖောရက်စ်ဂိုးသမား နာဗက်စ် ပြန်ဖမ်းယူသွားနိုင်ခဲ့ပြီး နယူးကာဆယ်လ်တို့ အဖွင့်ဂိုး စောစောစီးစီးရဖို့နဲ့ လွဲခဲ့ရသလို အိမ်ရှင်တွေဘက်က ကောင်တာတွေကတော့ သိပ်ပြီး မထိရောက်ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဖောရက်စ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်က ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နယူးကာဆယ်လ်နောက်ခံလူ ဘော့တ်မန်က မထိတထိနဲ့ နောက်ပြန်ပေးရာမှာ ဘယ်ခြမ်းကနေ ဂိုးရှေ့ကို ပြေးဝင်လာခဲ့တဲ့ ဒင်းနစ်က ဂိုးသမား နစ်ခ် ပုပ်ရှေ့ကနေ ဖြတ်ယူပြီး ထောင့်ကျဉ်းအနေအထားကနေ အသာကျော်ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ညာခြမ်းက မာဖီ ချိုးပေးတာကို လောင်းစတပ်ဖ်က ဧရိယာထိပ်က ကန်သွင်းရာမှာ လူထိပြီး ဂိုးသမား နာဗက်စ်ရဲ့ အဝေးထောင့်ကို ရောက်သွားခဲ့ပေမယ့် ဘားထိခဲ့ပြန်လို့ ဖောရက်စ်တို့ သက်သာခွင့်ရခဲ့သလို နယူးကာဆယ်လ်တို့ပဲ ဖိကစားနေခဲ့ပေမယ့် ဧရိယာအတွင်းမှာ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ဘဲ အပြင်ကနေ ငှက်ပစ်နေခဲ့ကြတာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ငှက်ကျားတွေ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ မာဖီ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဝီလော့ခ်က တောင်ပံတောက်လျှောက် ဆွဲပြေးပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ တိုက်စစ်မှူး အီဆက်ခ်က ရှေ့အနည်းငယ် နောက်နေခဲ့ပေမယ့် နောက်က ကျန်နေတဲ့ ခြေထောက်ကို ဆန့်ပြီး Volley ကန်သွင်းယူခဲ့ရာမှာ ညာဘက်တိုင်ခြေကို ကွက်တိဝင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ နယူးကာဆယ်လ်တို့ဘက်က စန်မက်ဇီမန်အစား အန်ဒါဆန်ကို လဲကစားပြီး ဝီလော့ခ်ကို ဘယ်တောင်ပံ ပို့ကစားခဲ့သလို ပွဲချိန် ၄၈ မိနစ်မှာ မာဖီရဲ့ ဖြတ်တင်ဘောကနေ လူစားဝင်လာတဲ့ အန်ဒါဆန်က Volley ကန်သွင်းခဲ့ပေမယ့် ဂိုးသမား နာဗက်စ် ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ ကံကောင်းနေခဲ့သေးတာပါ။

ဖောရက်စ်တို့ရဲ့ အဆုံးသတ်ပိုင်းကတော့ ဒီနေ့မှာ တော်တော်လေး ဆိုးရွားနေခဲ့ပြီး ထိရောက်တဲ့ ကန်သွင်းမှုတွေ မလုပ်နိုင်ခဲ့ချိန်မှာ ဧည့်သည် ငှက်ကျားတွေကတော့ ဂိုးသမား နာဗက်စ်ကို နှိပ်စက်နေခဲ့ကြပြီး ပွဲချိန် ၆၄ မိနစ်မှာ ရခဲ့တဲ့ အန်ဒါဆန်ရဲ့ ခေါင်းတိုက်ဂိုးကတော့ အီဆက်ခ် ဖြတ်မတင်ခင်မှာ ဘောလုံးလုတဲ့ လောင်းစတပ်ဖ် လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒီနောက်မှာလည်း နယူးကာဆယ်လ်တို့ပဲ ထိုးဖောက်ခြိမ်းခြောက်နေခဲ့ကြသလို ဖောရက်စ်တို့ ဧရိယာထဲမှာ ပိတ်ဆို့နေခဲ့ကြရပြီး အီဆက်ခ် ကန်သွင်းရာမှာ ဂိုးသမား မကာကွယ်နိုင်တဲ့ တစ်လုံးကို အော်ရီယေးက ရှင်းထုတ်သွားနိုင်ခဲ့တာကြောင့်သာ ဂိုးမပေးခဲ့ရသလို အိမ်ရှင်တွေအနေနဲ့ ပွဲမြန်မြန် ပြီးသွားပြီး တစ်မှတ်ရပါစေလို့ ဆုတောင်းနေခဲ့ကြရတာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ကံကောင်းခဲ့ပြန်ပြီး ဘယ်ခြမ်းက ဝီလော့ခ်ရဲ့ ဖြတ်တင်ဘောကနေ အီဆက် ခေါင်းတိုက်ဖို့ ကြိုးစားရာမှာ ဂိုးထဲသွားတဲ့ ဘောလုံးက ဖောရက်စ်ခံစစ်မှူး နီယာခါတေရဲ့ လက်ကို ထိခဲ့လို့ VAR ပြန်ကြည့်အပြီးမှာ ကန်ခွင့်ရတဲ့ ပင်နယ်တီကို ပွဲချိန် ၉၃ မိနစ်မှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အီဆက်ခ်ကပဲ ဂိုးသမား နာဗက်စ်ကို လှည့်စားကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။


Your new digest 50

Post a Comment

Previous Post Next Post